ဘောလုံး ပညာသာသည့် ထိုင်းကို အသင်းလိုက် စည်းရုံမှုဖြင့် အံတုမည်ဟု ဂတ်ဇီဆီ ပြောကြား
|
အာဆီယံ နိုင်ငံများအကြား ဘောလုံး ဖွံ့ဖြိုးမှုအပိုင်း တွင် ခေါင်းတစ်လုံးသာနေသည့် ထိုင်းအသင်းကို အသင်းလိုက် စုစည်း အားဖြင့် အကောင်းဆုံး တုန့်ပြန် အံတု သွားမည်ဟု မြန်မာအသင်းနည်းပြ ဂတ်ဆီဇီက ထုတ်ဖော်ပြောကြားခဲ့သည်။
” ထိုင်းအသင်းဟာ အာဆီယံ ဒေသတွင်းမှာ ဘောလုံးပညာ တကယ်ကို ကောင်းမွန်တဲ့ အသင်း တစ်သင်းပါ။ အာဆီယံရဲ့ နံပါတ် ၁ အသင်းလို့တောင် ဆိုနိုင်ပါတယ်။ သူတို့ဆီမှာ တကယ် ဘောလုံး ပညာ ကျွမ်းကျင်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ထိုင်းအသင်းနဲ့ အာဆီယံ ဒေသတွင်း ဘယ်အသင်းနဲ့ ယှဉ်ယှဉ် ထိုင်းအသင်းက သာတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် မနက်ဖြန် ကစားမယ့် ပွဲမှာတော့ အသင်းလိုက်စုစည်းမှုအား ရယ် စိတ်ဓါတ် အပြည့်နဲ့ ထိုင်းကိုရင်ဆိုင် သွားမှာပါ။ မနက်ဖြန်ပွဲဟာ ဘောလုံး ပရိသတ်တွေ အတွက် ရသကောင်း ပေးနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။” ဟု ဂတ်ဇီဆီက ပြောကြားခဲ့သည်။
ထိုင်း လက်ရွေးစင် အသင်းနည်းပြ ကိုင်တီဆတ် ကလည်း မြန်မာအသင်းသည် လျှင်မြန်မှု အားကောင်းသည့် အသင်းကောင်း တစ်သင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
” မြန်မာအသင်းမှာ အရမ်းကို ငယ်ရွယ်တဲ့ ကစားသမား တွေ ရှိပါတယ်။ နောက်ပြီး ဒီပြိုင်ပွဲ တစ်ခုလုံးရဲ့ ပျှမ်းမျှ အသက် အငယ်ဆုံး အသင်း တစ်သင်းပါ။ သူတို့မှာ လျှင်မြန်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် မနက်ဖြန် ပွဲဟာ ပွဲကောင်း ဖြစ်လာမှာပါ။ နှစ်သင်း စလုံးဟာ မိနစ် ၉၀ အချိန် အတွင်းမှာ အနိုင်ရရှိဖို့ အတွက် အကောင်းဆုံး ရုန်းကန်ကြိုးစားကြမှာ ဖြစ်ပြီး ပွဲပြီးရင်တော့ သူငယ်ချင်းတွေပါပဲ” ဟု ကိုင်တီဆတ်က ပြောကြားခဲ့သည်။
Next : အိမ်ရှင် အင်ဒိုကို ဦးဆောင် ခွင့်ပေးလိုက်ရတဲ့ ဗီယက်နမ်