အကောင်းဆုံး ပုံစံ ပြန်ရလိုက်၍ အင်ဒိုကို အနိုင်ရခြင်း ဟာ ကိုင်တီဆက် ဆို
|
ထိုင်းအသင်းသည် ဆူဇူးကီး ဖလား ပွဲဦးထွက် ပွဲစဉ်တွင် အင်ဒိုနီးရှား အသင်းကို အနိုင်ရရှိခဲ့ခြင်းမှာ လွယ်လွယ် ကူကူ မဟုတ်ပဲ အကောင်းဆုံး ပုံ စံ ပြန်လည် ရရှိခဲ့သော ကြောင့် ဖြစ်သည်ဟု ထိုင်း အသင်း နည်းပြ ကိုင်တီဆက်က ပြောကြားခဲ့သည်။
ထိုင်းအသင်းသည် ပထမပိုင်း တွင် နှစ်ဂိုးအသာဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အင်ဒို နီးရှား အသင်းကို ချေပဂိုးများ ပြန်လည် ပေးခဲ့ရပြီး ပွဲအပြီးတွင် ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
” အရာရာတိုင်းမှ အစဟာ အရမ်းခက်ခဲပါတယ်။ အင်ဒိုနီးရှား အသင်း ဒီနေ့ ကစားသွားတာ အလွန်ကောင်းပါတယ်။ သူတို့ဟာ နိုင်ငံ တကာ ပွဲ မကစားရတာ နှစ်နှစ်လောက် ရှိနေပါပြီ။ ဒါကြောင့် ဆာလောင်မှုကို သူတို့ ပြသသွားခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဂိုးအသာနဲ့ ဦးဆောင် နေချိန်မှာ ကျွန်တော်တို့ ကစားသမားတွေ အာရုံစူးစိုက်မှု ကျသွားပါတယ်။ ဒီအချိန်မှာ အင်ဒို နီးရှားဟာ အခွင့်အရေးကို အပိုင် အသုံးချပြီး ချေပဂိုးတွေ ရယူနိုင်ခဲ့တယ်။ ဒါပေမယ့် အကောင်း ဆုံးပုံစံနဲ့ ပြန်လည် ထွက်ပေါ်လာပြီး တတိယ ဂိုးနဲ့ စတုထ္ထ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကျွန်တော်တို့ အိမ်မက်တွေ အကောင်အထည် ဖော်နိုင်မယ့် လမ်းစတွေ ပိုကောင်းကောင်း မြင်လာနိုင်ခဲ့ပါတယ်” ဟု ကိုင်တီဆက်က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား နည်းပြ ရီဒယ်လ်ကမူ ထိုင်းအသင်းမှာ ယနေ့ပွဲ အနိုင်ရလဒ်နှင့် ထိုက်တန်သော်လည်း မိမိတို့ ကံခေမှုမှာ ပိုကြောင်း ဖွင့်ဟခဲ့သည်။
” ဒီနေ့ပွဲ ကစားသွားတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ်ပါတယ်၊ အားရပါတယ်။ ထိုင်းအသင်းဟာ နိုင်သင့်ပြီး ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှား အခွင့် အရေး အနည်းငယ်သာ ရခဲ့ပြီး ၂ ဂိုးသွင်း နိုင်ခဲ့ပါတယ်။ စင်ကာပူနဲ့ ဖိလစ်ပိုင် ပွဲကို ကြည့်ပြီး နောက်ပွဲအတွက် နည်းစနစ် အပြောင်းအလဲ လုပ်ရပါမယ်” ဟု ရီဒယ်လ်က ပြောကြားခဲ့သည်။
Next : အခွင့်အရေး အသုံးမချနိုင်ခဲ့လို့ တစ်ယောက်လျော့ စင်ကာပူကို ဖိလစ်ပိုင် သရေကျ