မြန်မာအသင်း၏ ဥရောပခြေစမ်းခရီးတွင် အီတလီနိုင်ငံမပါဝင်တော့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
14257752_745950755543739_3452157804704030478_o

 ဆူဇူးကီး ဖလားပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် သွားရောက်မည့် ဥရောပ လေ့ကျင့်ခြေစမ်း ခရီးတွင် အီတလီနိုင်ငံ မပါဝင်တော့ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီအီးအို ဦးဖုန်းနိုင်ဇော်က ပြောကြားသွားခဲ့သည်။

မူလ အစီအစဉ်တွင် မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစမ်းခရီးစဉ်ကို ဂျာမနီနိုင်ငံ၌ အခြေစိုက်ကာ နယ်သာလန်နှင့် ဘယ်လဂျီယံနိုင်ငံများသို့ လည့်လည်ပြီး ခြေစမ်းပွဲ၅ပွဲ ကစားသွားမည်ဟု သိရှိရပြီး ထိုနောက်တွင် ဆိုက်ပရပ်စ် နိုင်ငံသို့ သွားရောက်ကာ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားရှိသည်။

“မူလက အဆင်ပြေရင် သွားမယ်လို့ စီစဉ်ထားတဲ့ အီတလီနိုင်ငံကို မသွားဖြစ်တော့ဘူး။ ဂျာမနီနဲ့ ဆိုက်ပရပ်စ် နိုင်ငံတွေကိုပဲသွားပြီး ခြေစမ်းကစားဖြစ်တော့မယ်။ ဆိုက်ပရပ်စ်မှာ ဆိုရင်သူတို့ဆီက ယူ-၂၁အသင်းနဲ့ ခြေစမ်းမယ်။ မူလ သတ်မှတ်ထားတဲ့ ခြေစမ်းပွဲ၇ ပွဲထက်ပိုပြီး ခြေစမ်းဖြစ်ဖို့လည်း အလားလားများပါတယ်။”ဟု ဦးဖုန်းနိုင်ဇော်က ပြောကြားသွားသည်။ မြန်မာ့ လက်ရွေးစင် အသင်းမှာ စက်တင်ဘာလ ၁၀ရက်နေ့တွင် ဥရောပခြေစမ်းခရီးစဉ် စတင်မည်ဖြစ်သည်။

ဆက်စပ် သတင်းများအရ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးပြိုင်ပွဲတွင် လက်မှတ်ခ နှုန်းထားများကို ရိုးရိုးတန်း ၃၀၀၀ကျပ် နှင့် အထူးတန်း ၅၀၀၀ကျပ် သတ်မှတ်မည် ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ ဦးဖုန်းနိုင်ဇော်ကို မေးမြန်းခဲ့ရာတွင် ယင်းသတင်းမှာ အမှန်မဟုတ်ကြောင်း ငြင်းဆိုသွားခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်ခ နှုန်းထားများကို တရားဝင် သတင်းထုတ်ပြန် ပေးသွားမည်ဟု ဆိုသွား ခဲ့သည်။ နောက်ဆုံးသိရသော သတင်းများအရ ပဏာမမြန်မာ့ လက်ရွေးစင် အသင်းသည် ဥရောပခြေစမ်း ခရီးမသွားမီ မြန်မာယူ-၁၉ အသင်းနှင့် မိနစ်၃၀ သုံးပိုင်းခြေစမ်း ကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။ လက်ရွေးစင် အသင်းအတွက် အနိုင်ဂိုးကို ၈၈မိနစ်တွင် ဇော်မင်းထွန်းက သွင်းယူပေးခဲ့သည်။

comments

error: Content is protected !!