ကစားသမားများအား ပေးရန်ရှိသည့် လစာများကို အသင်းပိုင်ရှင်သစ်မှ ပေးချေရမည်
|
မနောမြေ ကစားသမားများအား ပေးရန်ကျန်ရှိနေသည့် လစာကြွေးကျန်များကို အသင်းပိုင်ရှင်သစ်မှ ပေးချေရလိမ့်မည်ဟု မနောမြေ အသင်း အထွေထွေ မန်နေဂျာ ဦးညီညီအောင်က ပြောကြားသွားခဲ့သည်။
မနောမြေ အသင်းပိုင်ရှင်က လာမည့်နှစ်တွင် မနောမြေ ဘောလုံးအသင်းကို ဆက်လက်တာဝန်ယူ မဆောင်ရွက်နိုင်တော့ သဖြင့် ဘောလုံး အဖွဲချုပ် သို့ပြန်လည် အပ်နှံခဲ့သော်လည်း ကစားသမားများအား လက်ကျန်လစာများ ပေးချေ ရန်ကျန် ရှိနေသေးသည်။ အဆိုပါ လက်ကျန်လစာများကို အသင်းပိုင်ရှင် အသစ် မှပေးချေရမည်ဖြစ်ပြီး အသင်းအား တာဝန်ယူ လိုသူမရှိပါက မိမိတို့ မှပြေလည်အောင်ဖြေရှင်းပေး သွားမည်ဟု မနောမြေ အသင်း၏ အထွေထွေ မန်နေဂျာ ဦးညီညီအောင်က ဆက်လက်ပြောကြား ခဲ့သည်။
“အသင်းလုပ်မယ့် သူရှိရင် အစ်ကိုတို့ ပေးစရာရှိတာတွေကို နောက်လုပ်မယ့်သူက ပေးချေရမှာပါ။ လုပ်မယ့်သူ မရှိရင်တော့ အစ်ကိုတို့ဘက်က ပေးချေသွားမယ်။ ဦးဇော်ဇော်၊ ကိုစိုးမိုးတို့နဲ့ ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ အကောင်းဆုံး ဆောင်ရွက်သွားမှာပါ” ဟု ဦးညီညီအောင်က ပြောကြားသွားသည်။
လစာကိစ္စ ညှိနှိုင်းပေးချေရန်အတွက် မနောမြေ အသင်းပိုင်ရှင်အား ရန်ကုန်မြို့သို့ လာရောက်ရန် အကြောင်းကြား ထားသည်ဟု နေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ဖြေကြားသွားခဲ့သည်။
“ကစားသမား လစာကိစ္စညှိ နှိုင်းပေးချေဖို့ အတွက် အသင်းပိုင်ရှင်ကို ရန်ကုန်ကို ခေါ်ထားပါတယ်။ အသင်းဖျက်သွားပြီးဆိုတော့ အားလုံးကိုတော့ မပေးနိုင်ဘူး။တချို့တွေက ၂လစာရတာနဲ့ ကျေနပ်တဲ့သူတွေရှိတယ်။ ညှိနှိုင်းပေးရမှာပေါ့ “ဟု ဦးစိုမိုးကျော်က ပြောကြားခဲ့သည်။
Next : မြန်မာအသင်း၏ ဥရောပခြေစမ်းခရီးတွင် အီတလီနိုင်ငံမပါဝင်တော့