အသင်းတွင် ၎င်းရှိနေခဲ့၍သာ ကွင်းတည်ဆောက်ရန် ချေးငွေများရရှိခဲ့ခြင်းဖြစ်ကြောင်း ၀င်းဂါးပြောကြား
|
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတွင်၎င်းရှိနေခဲ့၍သာ အမ်းမရိတ်စ်ကွင်းတည်ဆောက်ရန် လိုအပ်သောရန်ပုံငွေကို ဘဏ်များက ချေးငွေအဖြစ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်သည် ယခုနှစ်တွင်လည်း ဖလားလက်မဲ့ဘောလုံးရာသီကို ထပ်မံကြုံတွေ့ရဖွယ်ရှိနေသောကြောင့် ၀င်းဂါးအပေါ်ဖိအားများမြင့်တက်နေပြီး ပရိသတ်များက ယခုသီတင်းပတ်တွင် ဆန္ဒထုတ်ဖော်သွားရန် စီစဉ်နေကြောင်းသိရသည်။
သို့သော် ၀င်းဂါးက “အမ်းမရိတ်စ်ကွင်းဆောက်ခဲ့တုန်းက အသင်းနဲ့ကျွန်တော် စာချုပ် ၅ နှစ်ချုပ်ဖို့ ဘဏ်တွေက တောင်းဆိုခဲ့ပါတယ်။ ဒီအတောအတွင်း တခြားအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကိုလည်း ကျွန်တော်ပယ်ချခဲ့ရပါတယ်”ဟု ဖွင့်ဟသွားခဲ့သည်။
အမ်းမရိတ်စ်ကွင်းကို ၂၀၀၄ ခုနှစ် ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်ဆွတ်ခူးနိုင်ခဲ့စဉ်က စတင်တည်ဆောက်ခဲ့ပြီး ပေါင်သန်း ၃၉၀ ခန့် အသုံးပြုခဲ့ရသည်။
အာဆင်နယ်ကို ၁၉၉၆ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့သော ၀င်းဂါးက “ဘဏ်တွေက သူတို့ငွေတွေ ပြန်ရဖို့ အာမခံချက်ရှိနိုင်မယ့် အခွင့်အရေးတစ်ခုကို လိုချင်ခဲ့လို့ အဲဒီလိုတောင်းဆိုခဲ့တာပါ”ဟု ထပ်လောင်းပြောကြားခဲ့သည်။
Next : ရိုးမားဂန္ထ၀င်တော့တီနဲ့တွေ့ခွင့်ရခဲ့တဲ့ တော့တီပုံဆေးမင်ကြောင်နဲ့ ဆွီဒင်က ရိုးမားရဲ့စူပါပရိသတ်