ပွဲထွက်ခွင့်အာမခံချက်ရရန် မမျှော်လင့်ခဲ့ကြောင်း ရွန်နီဖွင့်ဟ
|
အင်္ဂလန်အသင်းခေါင်းဆောင်ဝိန်းရွန်နီက ပွဲထွက်လူစာရင်းအတွက်အာမခံချက်ရရန် မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ယူရို ၂၀၁၆ တွင် အင်္ဂလန်အသင်း၏အလားအလာနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေကြောင်း ပြော
ကြားခဲ့သည်။
ရွန်နီသည်လက်ရှိအချိန်တွင် ဒူးဒဏ်ရာကြောင့် ပွဲထွက်ကစားနိုင်ခြင်းမရှိသော်လည်း တစ်ပတ် သို့မဟုတ် ၁၀ ရက်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိနေသည်။
ဟယ်ရီကိန်းနှင့်ဗာဒီတို့ခြေစွမ်းပြနေခြင်း၊ စတာရစ်ခ်ျဒဏ်ရာမှသက်သာလာခြင်းတို့က ရွန်နီ၏အင်္ဂလန်ပွဲထွက်ခွင့်အတွက် ခြိမ်းခြောက်မှုဖြစ်ခဲ့သော်လည်း ထိုကဲ့သို့ ၎င်းအပေါ်ဖိအားများရှိလာခြင်းကိုကျေနပ်ကြောင်း ရွန်နီကဖွင့်ဟခဲ့သည်။
“ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။ အင်္ဂလန်ကိုဆုဖလားတွေနဲ့ အောင်မြင်မှုတွေရစေချင်ပါတယ်။ ပွဲထွက်လူစာရင်းက နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ မန်ယူမှာရော အင်္ဂလန်မှာပါ ပွဲထွက်လူစာရင်းအတွက် အာမခံချက်ရဖို့
ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ အသင်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ခြေစွမ်းပြဖို့အခွင့်အရေးရတာကျေနပ်ပါတယ်။ ကြံ့ခိုင်မှုပြန်ပြည့်ဝပြီး အသင်းဖော်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့မစောင့်နိုင်တော့ပါဘူး”ဟု ရွန်နီကပြောကြားခဲ့သည်။
ထို့အပြင် ရွန်နီက ၎င်း၏သားတစ်ယောက်သည် အသင်းဖော်ဗာဒီ၏နာမည် ရေးထိုးထားသော အင်္ဂလန်ဂျာစီကို တောင်းဆိုခဲ့ကြောင်း ဖွင့်ဟသွားခဲ့သည်။
“ကျွန်တော့်သားက ဗာဒီနာမည်ထိုးထားတဲ့ အင်္ဂလန်ဂျာစီတစ်ထည် ပူဆာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ပြသခဲ့တဲ့သူ့ရဲ့ခြေစွမ်းဟာ အင်္ဂလန်ဘောလုံးလောကအတွက် အလားအလာကောင်းပါပဲ။ အဲဒီခြေစွမ်းကို သူဆက်ထိန်းနိုင်မယ်လို့
မျှော်လင့်ပါတယ်”ဟု ရွန်နီကပြောကြားခဲ့သည်။
Photo: မန်ယူမျိုးဆက်သစ်များနှင့် ရွန်နီ (Getty Images)
Next : လာလီဂါဖလားကို ဆွတ်ခူးနိုင်သေးကြောင်း ဂါရတ်ဘေးလ်ဖွင့်ဟ