အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဂျူဗင်တပ်တိုက်စစ်မှူးမန်ဇူကစ်ပါဝင်နိုင်ရန် မသေချာ
|
ဂျူဗင်တပ်တိုက်စစ်မှူး မာရီယိုမန်ဇူကစ်သည် အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပွဲထွက်ကစားနိုင်ရန် မသေချာကြောင်း သိရသည်။
ဂျူဗင်တပ်သည် ပထမအကျော့အိမ်ကွင်းပွဲစဉ်တွင် ၀-၂ ဖြင့်ရှုံးနိမ့်နေရာမှ ပွဲပြီးချိန်တွင် ၂-၂ သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့သော်လည်း ယနေ့ညကစားမည့် ဒုတိယအကျော့ပွဲစဉ်တွင် အဓိကကစားသမားများဖြစ်သော ဒိုင်ဘာလာနှင့် မာချီစီယိုတို့လည်း ပါဝင်နိုင်ခြင်းမရှိသောကြောင့် အနည်းငယ်အားလျော့ဖွယ်ရှိနေသည်။
ဘိုင်ယန်မြူးနစ်မှာ ၎င်း၏အားထားရသောကစားသမားများဖြစ်သည့် ရော်ဘင်နှင့်လီဝန်ဒေါစကီးတို့ကို ပြီးခဲ့သည့်တစ်ပတ်ပြည်တွင်းပွဲစဉ်တွင် အနားပေးထားခဲ့သောကြောင့် ယခုပွဲတွင်အားအင်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားဖွယ်ရှိနေသည်။
သို့သော်ဂျူဗင်နောက်ခံလူ ဘိုနုချီက “ဘိုင်ယန်က အရမ်းတောင့်တင်းတဲ့အသင်းဖြစ်လို့ ကျွန်တော်တို့ဂရုစိုက်ဖို့လိုပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း အားနည်းချက်တွေရှိပါတယ်။ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ဂျာမနီမြေမှာ ဖောင်ဖျက်ကစားမှာပါ”ဟု ပြောကြားခဲ့သည်။
Next : အနားယူချိန်ပိုရခြင်းက မန်ချက်စတာဒါဘီအတွက် အကျိုးရှိမည်ဟု မန်စီးတီးနည်းပြဆို