ချန်ပီယံပြေးလမ်းမှာအသက်ဝင်နေဆဲဖြစ်ကြောင်း လက်စတာနည်းပြရေနီယာရီပြောကြား
|
လက်စတာနည်းပြရေနီယာရီက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ စပါးနှင့်လက်စတာတို့အတွက်သာမဟုတ်ဘဲ အခြားအသင်းများအတွက်လည်း အသက်ဝင်နေသေးကြောင်း ဖွင့်ဟသွားခဲ့သည်။
လက်စတာသည် ယမန်နေ့ညက နယူးကာဆယ်ကို ၁-၀ ဖြင့်အနိုင်ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကျန်ချိန်တွင် အမှတ်ပေးဇယားအား ၅ မှတ်အသာဖြင့် ဦးဆောင်နေသည်။
ချန်ပီယံဖြစ်နိုင်သည့်အသင်းမှာ လက်စတာနှင့် စပါးတို့သာရှိသည်လောဟု မေးမြန်းခဲ့မှုကို ရေနီယာရီက”မဟုတ်ပါဘူး။ ချန်ပီယံပြေးလမ်းက အားလုံးအတွက် အသက်ဝင်နေပါသေးတယ်။ လက်ရှိမှာ ဥရောပပြိုင်ပွဲအဆင့်အတွက် ကျွန်တော်တို့တိုက်ပွဲဝင်နေတာပါ။ ၄၊ ၅ ပွဲလောက်ပဲကျန်တော့တဲ့အချိန်ရောက်ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်မှာပါ”ဟု ပြောကြားခဲ့သည်။
ထို့အပြင် ပရီးမီးယားလိဂ်ချန်ပီယံဆု ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးရန်ငြင်းဆန်သွားခဲ့ပြီး ရေနီယာရီက “စိတ်ကူးယဉ်နေကြတဲ့လူတွေအများကြီးရှိပေမယ့် အလုပ်အပေါ်မှာပဲ ကျွန်တော်တို့အာရုံစိုက်ထားပါတယ်။ ပွဲစဉ်တိုင်းကို အကြိတ်အနယ်ကစားဖို့ ကြိုးစားသွားမှာပါ။ လက်ရှိမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်”ဟု ဖွင့်ဟသွားခဲ့သည်။
Next : မန်စီးတီးနောက်ခံလူ ကွန်ပနီ ဒဏ်ရာကြောင့် အနည်းဆုံး ၁ လ နားရမည်