လက်စတာပရိသတ်တွေဖန်တီးခဲ့တဲ့ ငလျင်ငယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စတာ Vs နောဝစ်ခ်ျ၊ လက်စတာ Vs ၀က်စ်ဘရွန်းတို့ပွဲစဉ်များတွင် ဖမ်းယူရရှိခဲ့သော ငလျင်အချက်အလက်

ဘောလုံးပရိသတ်တွေ သူတို့အသင်းဂိုးသွင်းတာကို အောင်ပွဲခံလို့ဖြစ်ပေါ်လာတဲ့ ငလျင်တစ်ခုဟာ ဗြိတိန်မှာ ပထမဆုံးအကြိမ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်စတာတက္ကသိုလ်ကအဖွဲ့တစ်ဖွဲ့ဟာ လက်စတာစီးတီးကလပ်အိမ်ကွင်း ကင်းပါဝါကွင်းအနီးမှာ ငလျင်တိုင်းစက်တစ်ခုတပ်ဆင်ထားခဲ့ပြီး အဲဒီတိုင်းတာရေးစက်ကနေ ၀.၃ မဂ္ဂနီကျုရှိတဲ့ ငလျင်အသေးစားတစ်ခုကို တိုင်းတာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီငလျင်အသေးစားဟာ ဖေဖော်ဝါရီလက နောဝစ်ခ်ျနဲ့ပွဲမှာ လက်စတာကစားသမား ယူလိုအာရဲ့နောက်ဆုံးမိနစ် အနိုင်ဂိုးသွင်းအပြီးမှာ လက်စတာပရိသတ်တွေရဲ့အောင်ပွဲခံခုန်ပေါက်မှုကနေ ဖြစ်လာခဲ့တာပါ။

အဲဒီအဖြစ်အပျက်ကို အသင်းထိပ်တန်းဂိုးသွင်းရှင် ဂျေမီဗာဒီကိုအစွဲပြုပြီး ဗာဒီငလျင်လို့ နာမည်ပေးထားပါတယ်။

ငလျင်တိုင်းတာရေးစက်ကို ဗြိတိသျှဘူမိလေ့လာရေးနဲ့ ဘူမိဗေဒကျောင်းသားတွေက ကင်းပါဝါကွင်းနဲ့ မီတာ ၅၀၀ (၀.၃ မိုင်) အကွာက ဟေဇယ်မူလတန်းကျောင်းမှာ ကမ္ဘာတစ်လွှားက ငလျင်တွေကို စောင့်ကြည့်မှုအစီအစဉ်အနေနဲ့ တပ်ဆင်ခဲ့တာပါ။

ဗြိတိသျှဘူမိလေ့လာရေးအဖွဲ့က ငလျင်ပညာရှင် ပေါလ်ဒန်တန်က”ငလျင်တိုင်းစက်တွေက လက်စတာတိုက်ဂါးရပ်ဘီကွင်းနဲ့ ပိုနီးတာပါ။ အဲဒါကြောင့် အဲဒီကွင်းကနေ ပိုပြင်းထန်တဲ့လှုပ်ရှားမှုတွေ ဖမ်းယူရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ဘူး။ ဒီအဖြစ်အပျက်ကြောင့် ဘောလုံးရဲ့သဘောသဘာဝကို သိလိုက်ရပြီး မျှော်လင့်မထားတဲ့ ပဉ္စလက်ဆန်တဲ့အဖြစ်အပျက်ရဲ့ ၄-၅ စက္ကန့်ကို ကျွန်တော်တို့ သိလိုက်ရတယ်။ အခုလို ငလျင်ငယ်ဖြစ်သွားတာက လက်ခုပ်တီးလို့ အားပေးလို့ မဟုတ်ပါဘူး။ လူ ၃ သောင်းက တစ်ပြိုင်တည်းမှာ မတ်တတ်ရပ်ခုန်ထလိုက်လို့ အရမ်းပြင်းတဲ့စွမ်းအားကြောင့် ငလျင်ငယ်ဖြစ်သွားတာပါ”လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ အလားတူဖြစ်ရပ်တွေကို ရက်ဒင်းဂီတပွဲတော်နဲ့ ကုန်တင်ရထားဖြတ်သွားတဲ့အချိန်တွေမှာလည်း မှတ်တမ်းတင်ခဲ့ပြီး လက်စတာနဲ့ တခြားကလပ်တွေကိုလည်း နှိုင်းယှဉ်ကြည့်ချင်ပြီး ဒီလိုအဖြစ်တွေကြောင့် သိပ္ပံပညာကို ကလေးငယ်တွေ ပိုပြီးစိတ်ဝင်စားဖို့ ရည်ရွယ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဘူမိဗေဒကျောင်းသားတွေဟာ လက်စတာအိမ်ကွင်းကို ဆက်လက်စောင့်ကြည့်မှာဖြစ်ပြီး သတင်းထူးတွေကို @VardyQuake တွစ်တာအကောင့်မှာ ဆက်လက်တင်ဆက်ပေးမယ်လို့ သိရပါတယ်။

comments

error: Content is protected !!