အပြိုင်အဆိုင်ရှိမယ့် Ooredoo MNL-2016 ပွဲစဉ်-၉ ပွဲကြို သုံးသပ်ချက်များ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မုံရွာကွင်းတွင်လေ့ကျင့်ခန်းဆင်းနေသည့် ရန်ကုန်ယူနိုက်တက်ကစားသမားများ

အောင်သော်ဖြိုး။
မတ် ၃။

ဇေယျာရွှေမြေ – ရန်ကုန်ယူနိုက်တက် (မုံရွာ၊ ၃နာရီ ၃ဝမိနစ်) မတ်လ ၃ ရက်နေ့
———————————————————————————————-
မြန်မာနေရှင်နယ်လိဂ် စတင်သည့်အချိန်တည်းက အပြိုင်အဆိုင်ရှိခဲ့ကြတယ် အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုပါ။ ဇေယျာရွှေမြေအသင်း ဒီရာသီမှာ ပုံစံကောင်းတခု မရသေးပေမယ့် အိမ်ကွင်း ၄ ပွဲမှာ ၃ ပွဲသရေ ၁ ပွဲအနိုင် ခြေစွမ်းရှိနေပါတယ်။ ရန်ကုန်အသင်းကလည်း နောက်ဆုံး ၄ပွဲဆက်အနိုင်ပြန်ရထားပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ရည်ရွယ်ထားတာကြောင့် ဒီနေ့ပွဲကို အမှားခံမှာမဟုတ်ပါဘူး။ ရန်ကုန်အသင်းက ဇေယျာရွှေမြေကွင်းမှာ ၇ ကြိမ် လာရောက်ယှဉ်ပြိုင်ဖူးပြီး ၂ ကြိမ်သာ အနိုင်ရထားပြီး ၄ ကြိမ်ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ အဖိုးတန် အနိုင်မှတ်ကို ဘယ်အသင်းရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဧရာဝတီ – ဆောက်သမ်းမြန်မာ (ပုသိမ်၊ ၃နာရီ ၃ဝမိနစ်) မတ်လ ၃ရက်နေ့
—————————————————————————————-
အိမ်ကွင်းခြေစွမ်းထက်တဲ့ ဧရာဝတီအသင်း အိမ်ကွင်းမှာ ဆောက်သမ်းမြန်မာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ နိုင်ငံခြားသားမပါဝင်ဘဲ ဒီနှစ်မှာရလဒ်တွေဆိုးနေတဲ့ ဆောက်သမ်းအသင်း ပြိုင်ဘက်အသင်းက နိုင်ငံခြားသားကစားသမားတွေရဲ့ ဖိအားကို ပွဲစဉ်တိုင်းမှာ ခံနေရတာတွေ့ရပါတယ်။ ဧရာဝတီအသင်းက ခရစ္စတိုဖာကလည်း ဒီနှစ်မှာ ခြေစွမ်းပြနေတဲ့ အနေအထားကြောင့် ဒီပွဲမှာ ဆောက်သမ်းမြန်မာ ရုန်းကန်သွားရမှာပါ။

ရှမ်းယူနိုက်တက် – ဟော်ရီဇွန် (တောင်ကြီး၊ ၃နာရီ ၃ဝမိနစ်) မတ်လ ၄ရက်နေ့
———————————————————————————————-
ရှမ်းယူနိုက်တက်အသင်းဟာ ပွဲစဉ် ၇ကနေစပြီး အိမ်ကွင်း ၃ပွဲဆက် ယှဉ်ပြိုင်ရမှာပါ။ ရှေ့မှာယှဉ်ပြိုင်ပြီးတဲ့ အိမ်ကွင်း ၂ ပွဲမှာ အနိုင်မရသေးတာကြောင့် ဒီပွဲမှာ အိမ်ကွင်းပရိသတ်ကို စိတ်ကျေနပ်မှုပေးနိုင်ဖို့လိုနေပါပြီ။ ဟော်ရီဇွန်အသင်းကလည်း ဒီနှစ်မှ တန်းတက်လာပေမယ့် ကစားပုံကောင်းမွန်တယ်လို့ အားလုံးက အသိအမှတ်ပြုထားကြပါတယ်။ ဒါပေမယ့် ဟော်ရီဇွန်အသင်းရဲ့ ရလဒ်တွေဟာလည်း ဆိုးရွာနေဆဲပါ။ ဒီပွဲမှာ ရှမ်းယူနိုက်တက် အိမ်ကွင်းပရိသတ်ရဲ့ လက်ခုတ်သံ ရသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ချင်းယူနိုက်တက် – ရခိုင်ယူနိုက်တက် (သုဝဏ္ဏ၊ ၄နာရီ ) မတ်လ ၄ရက်နေ့
———————————————————————————————
၂ ကြိမ် တွေ့ဆုံထားပြီး တစ်ယောက်တစ်ပွဲ အနိုင်ရထားတဲ့ ချင်းယူနိုက်တက် နဲ့ ရခိုင်ယူနိုက်တက်တို့ တွေ့ဆုံကြမှာပါ။ ချင်းယူနိုက်တက် နောက်ဆုံးယှဉ်ပြိုင်တဲ့ ၄ ပွဲမှာ တစ်ပွဲအနိုင်ရထားပေမယ့် ရခိုင်အသင်းကတော့ ၄ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ရခိုင်အသင်းတိုက်စစ်မှူး အန်ဒရေ အပေါ်မှီခိုနေရတဲ့ တိုက်စစ်ဟာ ပြဿနာတချို့ရှိနေပါတယ်။ ချင်းအသင်းကလည်း အသင်းလိုက် ကစားပုံကောင်းဖို့ ရုန်းကန်နေရတဲ့အသင်းပါ။ခြေစွမ်းကွာဟမှုမရှိ မရှိတဲ့အသင်း နှစ်သင်းဖြစ်တာကြောင့် ဒီပွဲဟာလည်း ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

ဇွဲကပင် – ဟံသာဝတီ (အောင်ဆန်း၊ ၄နာရီ)  မတ်လ ၄ရက်နေ့
————————————————————————-
ဒီနှစ်မှာ ခြေစွမ်းထက်နေတဲ့ အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုဟာ စိတ်ဝင်စားစရာပါ၊ နှစ်သင်းစလုံး ဒီနှစ်ဘောလုံးရာသီမှာ အသင်းကြီးတွေကို အခက်တွေ့စေပြီး နိုင်ပွဲတွေဆက်နေသလို ဟံသာဝတီအသင်းက အဆင့် ၂ ၊ ဇွဲကပင်အသင်းက အဆင့် ၃ ပါ။ ဒီနေ့ပွဲမှာ ဟံသာဝတီအသင်း ဇယားထိပ်ဆုံးက ရတနာပုံအသင်းကို အမီလိုက်ဖို့ အမှတ်ရဖို့လိုအပ်သလို ဇွဲကပင်အသင်းကလည်း
ဟံသာဝတီအသင်းနဲ့အမှတ် ကွာဟမှုကို လျော့ချဖို့အကောင်းဆုံး ကြိုးစားရမယ့် အနေအထားပါ။ ဒီပွဲ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

ရတနာပုံ – မကွေး (ရတနာပုံ၊ ၄နာရီ) မတ်လ ၅ရက်နေ့
———————————————————————
ဒီတစ်ပတ်ရဲ့ ပွဲကောင်းတစ်ပွဲထဲမှာပါတဲ့ ရတနာပုံအသင်းနဲ့ မကွေးအသင်းတို့ရဲ့တွေ့ဆုံမှုဟာလည်း ပရိသတ်အကြိုက်ပွဲတစ်ပွဲဖြစ်လာမှာပါ။ ရှုံးပွဲမရှိသေးတဲ့ ဇယားထိပ်ဆုံးက ရတနာပုံအသင်းဟာ ခြေစွမ်းပိုင်းတည်ငြိမ်နေပါတယ်။ မကွေးအသင်း ရာသီအစမှာ ခြေစွမ်းကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အသင်းငယ်တွေကို အနိုင်မရခဲ့ပါဘူး။ နောက်ဆုံး ယှဉ်ပြိုင်တဲ့ ဇွဲကပင်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရှာတွေ့ထားတဲ့အတွက် မကွေးအသင်းကို ဒီပွဲမှာ လျော့တွက်ထားလို့မရပါဘူး။ မကွေးအသင်းက ပြိုင်ဘက်အသင်းပေါ် ခြေစွမ်းကောင်းရင် လိုက်ကောင်းတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲမှာ ဘယ်သူဗိုလ်ဖြစ်လဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။

comments

error: Content is protected !!