ဟော်ရီဇွန်လက်ထောက်နည်းပြ အူဘေးနေရာတွင် တူရကီနိုင်ငံသားနည်းပြတစ်ဦး အစားထိုးမည်
|
အောင်သော်ဖြိုး။
မတ် ၁။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်သည့် ဟော်ရီဇွန်အသင်း၏ လက်ထောက်နည်းပြတစ်ဦးဖြစ်သူ တူရကီနိုင်ငံသား အူဘေးနေရာတွင် တူရကီနိုင်ငံသားနည်းပြတစ်ဦးကို ရခိုင်ယူနိုက်တက်နှင့်ယှဉ်ပြိုင်မည့် ပွဲစဉ်မတိုင်မီ အစားထိုးသွားမည်ဟု ဟော်ရီဇွန်အသင်းမန်နေဂျာ ဦးကျော်ကျော်ဦးကဆိုသည်။
“ရောက်လာမယ့်နည်းပြအကြောင်းကို သေချာမသိရသေးပါဘူး။ သူက ရခိုင်နဲ့ပွဲကစပြီး လက်ထောက်နည်းပြအဖြစ်တာဝန်ယူသွားမှာပါ”ဟု ၎င်းက ဆိုသည်။
တူရကီအခြေစိုက် ဟော်ရီဇွန်နိုင်ငံတကာကျောင်းမှတည်ထောင်ထားသည့် ဟော်ရီဇွန်ကလပ်မှာ လက်ထောက်နည်းပြဖြစ်သူ အူဘေးကို လာအိုနိုင်ငံ ဟော်ရီဇွန်နိုင်ငံတကာကျောင်းမှ တည်ထောင်ထားပြီး လာအိုနိုင်ငံတွင်လည်း ဘောလုံးကလပ်တစ်ခုကို တည်ထောင်ကာ ယှဉ်ပြိုင်နေပြီး အဆိုပါအသင်းနည်းပြချုပ်ရာထူးအတွက် အူဘေးကို ပြောင်းရွှေ့ခန့်အပ်ခြင်းဖြစ်ကြောင်း သိရသည်။
တူရကီနိုင်ငံသား အူဘေးနှင့် ဟော်ရီဇွန်အသင်းတို့မှာ ၄ နှစ်ကျော်လက်တွဲခဲ့ကြပြီး မြန်မာနေရှင်နယ်လိဂ်သို့ လိဂ်-၂မှ တက်ရောက်ခွင့်ရအောင် အူဘေးက စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်သို့ ပထမဆုံးတန်းတက်ပြီချိန်တွင် တူရကီနိုင်ငံသားပါလာကို နည်းပြချုပ်ရာထူး ခန့်အပ်ခဲ့ကာ အူဘေးကို လက်ထောက်နည်းပြနှင့် လူငယ်အသင်းနည်းပြချုပ်ရာထူးပေးအပ်ခဲ့သည်။
Next : ဒဏ်ရာကြောင့် စပါးနှင့်ယှဉ်ပြိုင်မည့် လန်ဒန်ဒါဘီပွဲကို ပီတာချက်လွဲချော်ဖွယ်ရှိ