ဂန်းနားနဲ့ မပတ်သက်သေးတဲ့ နိုင်လိုစိတ်နဲ့ စိတ်ဓာတ်ခိုင်မာမှု
|
မန်ယူကွင်းမှာ အာဆင်နယ်ရဲ့အရှုံးက စိတ်ပျက်စရာပိုဖြစ်လာစေတာကတော့ ချန်ပီယံလောင်းစာရင်းထဲပါနေပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိလို့ပါပဲ။
ဒီရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးရှိနေတယ်ဆိုတာ ဂန်းနားပရိသတ်တွေက သိနေပေမယ့် အာဆင်နယ်ကစားသမားတွေကတော့ သူတို့အခြေအနေနဲ့ပတ်သက်ပြီး လိုအပ်နေတဲ့ သဘောပေါက်နားလည်မှုမရှိပါဘူး။
ရာသီကုန်ဖို့ ၁၁ ပွဲကျန်သေးပေမယ့် လက်ရှိအခြေအနေအရ ဒီအသင်းက ချန်ပီယံဖြစ်ဖို့အရည်အသွေးပြည့်မီတဲ့အသင်းအဖြစ် စိတ်ကူးမြင်ယောင်လို့ မရသေးပါဘူး။
လက်စတာနဲ့ စပါး ၂ သင်းထဲက ဘယ်အသင်း ချန်ပီယံဖြစ်မလဲမသိပေမယ့် အဲဒီ ၂ သင်းထဲကပဲ ပရီးမီးယားလိဂ်ချန်ပီယံအသစ်ထွက်လာမယ်လို့ ယူဆပါတယ်။
ဖိအားများလာပြီ
——————–
စနေနေ့ပွဲမှာ လက်စတာက နောဝစ်ခ်ျကိုနိုင်ခဲ့ပြီး စပါးကလည်း ဆွမ်ဆီးကို အာဆင်နယ်ပွဲနဲ့ တစ်ချိန်တည်းကစားခဲ့တာဖြစ်လို့ အာစင်ဝင်းဂါးရဲ့အသင်းအတွက် အောင်ပွဲဆာလောင်မှု၊ အမြင့်ဆုံးပေးဆပ်မှုတွေ လိုအပ်ခဲ့တယ်။
ဂန်းနားတွေ ရလဒ်ကောင်းရဖို့ ဖိအားများခဲ့ပေမယ့် အဲဒီဖိအားကို သူတို့အလွယ်တကူချေဖျက်နိုင်တဲ့အနေအထား ရှိခဲ့တယ်လို့ ယူဆတယ်။
မန်ယူက လူငယ်တွေ နောက်တန်းအပြောင်းအလဲတွေနဲ့ ရင်ဆိုင်ခဲ့တာကြောင့် အာဆင်နယ်အတွက် ခွန်အားအမြင့်ဆုံးရလုနီးဖြစ်ခဲ့တယ်။
ဒါပေမဲ့ အာဆင်နယ်ဟာ ဒီပွဲရလဒ်မကောင်းရင် ဘာတွေကြုံရမလဲဆိုတာသိနေလို့ အမြင့်ဆုံးခြေစွမ်းကို ထုတ်ပြရမယ့်အစား ဆိုးဆိုးရွားရွားကစားခဲ့ပြီး ၂ ဂိုးပြတ်နဲ့ရှုံးတဲ့အချိန်အထိ မန်ယူနောက်ခံလူ ၄ ယောက်ကို ဘာဖိအားမှ မပေးနိုင်ခဲ့ပါဘူး။
ဒီလိုပုံစံမျိုးကတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ပွဲအတွက် ဖြစ်သင့်တဲ့ခြေစွမ်းမျိုးမဟုတ်ဘဲ အဲဒီလိုကစားခဲ့တဲ့အတွက်လည်း အရှုံးနဲ့ပြစ်ဒဏ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။
မန်ယူက နိုင်ပွဲနဲ့ အပြည့်အ၀ထိုက်တန်မှုရှိခဲ့ပေမယ့် အာဆင်နယ်ကတော့ လိုအပ်ချက်များစွာနဲ့ ပရိသတ်တွေအတွက် အကြီးအကျယ်ဒေါသူပုန်ထစရာနေ့ဖြစ်သွားခဲ့ပါတယ်။
ဘာတွေမှားခဲ့လဲ
အာဆင်နယ်ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အိုဇဲလ်၊ ဆန်းချက်ဇ်နဲ့ ၀ဲလ်ကော့တို့အားလုံး ခြေစွမ်းမှန်ရဖို့ ရုန်းကန်ခဲ့ရတယ်။
ဒီလိုပွဲမျိုးမှာ နောက်တန်းဟာ ရေပက်မ၀င်လောက်အောင် ကျစ်လစ်နေရမှာဖြစ်ပေမယ့် မားကပ်စ်ရက်ခ်ျဖို့ဒ်ရဲ့ပထမဂိုးပေးလိုက်ရတဲ့အဖြစ်က နောက်တန်းဘယ်လောက်ဆိုးနေလဲဆိုတာ သက်သေပါပဲ။
အဲဒီဂိုးရပြီးတော့ မန်ယူက အာဆင်နယ်က ဒီနေ့အတွက် ဘာမှလန့်လောက်စရာမရှိဘူးဆိုတာကို သဘောပေါက်သွားပြီး ယုံကြည်မှုမြင့်လာတာကို သိသိသာသာမြင်နိုင်ပါတယ်။
ဟွမ်မာတာနဲ့ မော်ဂန်ရှနိုက်ဒါလင်တို့ ခြေစွမ်းကောင်းပေမယ့် ၂ ဂိုးသွင်းပြီး တတိယဂိုးဖန်တီးပေးခဲ့တဲ့ ရှက်ခ်ျဖို့ဒ်ကတော့ ခေါင်းကြီးသတင်းတွေကို သိမ်းပိုက်ထိုက်တဲ့ ကစားသမားပါ။
နေရာယူပုံတွေက ပြည့်စုံလွန်းပြီး အဆုံးသတ်ပိုင်းတွေကလည်း အံ့မခန်းပါပဲ။
သူဘယ်လောက်ကောင်းလဲဆိုတာကို ပြောဖို့ဆိုရင်တော့ မစ်ဂျေးလန်းနဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ယူပွဲဦးထွက်အဖြစ်ခြေစွမ်းပြပြီး ထိပ်တန်းအဆင့်မှာ ပြောစရာဖြစ်လာတဲ့သူ့အနေအထားက အခုအချိန်မှာလည်း ဆက်ပြီးပြောစရာဖြစ်နေသေးလို့ နောက်ထပ်ပွဲတွေကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။
အခုကစပြီး အာဆင်နယ်အတွက် ဖိအားပဲရှိတော့တယ်
—————————————————————-
လက်စတာနဲ့ စပါးတို့ဟာ ဂန်းနားလိုမဟုတ်ဘဲ ဖလားမှန်းနေတဲ့အသင်းက လုပ်ရမယ့်အလုပ်တွေကို ပြီးမြောက်ခဲ့ပြီး အောင်ပွဲရှာဖွေနိုင်ခဲ့တဲ့အပြင် အတားအဆီးမှန်းသမျှကို ဖြတ်ကျော်သွားခဲ့ကြတယ်။
တနင်္ဂနွေ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲလုံးကို ကြည့်ခဲ့ရပြီး စပါးက အောင်ပွဲခံသွားတာကိုလည်း မျက်မြင်ကြည့်ခဲ့ရတယ်။
စာရွက်ပေါ်မှာတော့ ဆွမ်ဆီးကို အိမ်ကွင်းမှာ ၂-၁ နဲ့နိုင်လိုက်တာက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် စပါးပရိသတ်တွေကတော့ ၁-၀ နဲ့ရှုံးနေတဲ့သူတို့အသင်း ပြန်လာနိုင်ခဲ့တဲ့ ဒီပွဲက ဘယ်လောက်အရေးပါမှန်း သိနေကြတယ်။
ဖလားရသွားတဲ့အချိန်မှာ တစ်ရာသီလုံးကို ပြန်ချိန်ထိုးကြည့်လိုက်ရင် ဒီလိုပွဲမျိုးက အသင်းတွေကို ကွာခြားသွားစေတာ သိသာလာပါလိမ့်မယ်။ စပါးသာ ချန်ပီယံဖြစ်သွားရင် ဒီပွဲက သူတို့အောင်ပွဲအတွက် အကြီးဆုံးအထောက်အပံ့ဖြစ်လာစေမယ့်အကြောင်းကတော့ အခုပွဲအနိုင်ကြောင့် လက်စတာကို ဖိအားဆက်ပေးနိုင်ခဲ့သလို သူတို့အသင်းအတွက်လိုအပ်နေတဲ့ ယုံကြည်ချက်ကို တည်ဆောက်ပေးလိုက်နိုင်လို့ပါပဲ။
အာဆင်နယ်အတွက်တော့ ဒီသီတင်းပတ်အကုန်က စပါးအဖြစ်နဲ့ ပြောင်းပြန်ဖြစ်နေပြီး ဒီလိုအနေအထားမှာ သူတို့လုပ်ရမယ့်အလုပ်ကို မလုပ်နိုင်ဘဲ လက်လွှတ်လိုက်တာကြောင့် အာဆင်နယ်အတွက် ရှေ့လျှောက်ရှိလာမှာက ဖိအားပဲဖြစ်ပါတယ်။
သူတို့ဟာ တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်မှုနဲ့ ဇယားထိပ်ကအသင်းတွေကို ဖိအားပေးဖို့ အခွင့်အရေးရခဲ့ပေမယ့် အဲဒီလိုအဖြစ်မျိုး မဖန်တီးနိုင်ဘဲ ၂၀၁၆ အစမှာ ဆိုးရွားတဲ့အခြေအနေဖန်တီးခဲ့ပြီး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲဂိုးမသွင်းနိုင်ဘဲ ၃ မှတ်သာ ရခဲ့ပါတယ်။
လောလောဆယ်မှာတော့ အာဆင်နယ်မှာ လိုအပ်နေတဲ့ နိုင်လိုစိတ်နဲ့ စိတ်ဓာတ်ခိုင်မာမှုတွေ မရှိသေးတာကတော့ ထင်းလင်းလွန်းနေပါတယ်။
မှတ်ချက် – အီယန်ရိုက်၏ ဘီဘီစီအားကစားစာမျက်နှာမှသုံးသပ်မှုအား ၎င်း၏အာဘော်အတိုင်း ဆီလျော်အောင်ပြန်ဆိုသည်။
Next : ရက်ခ်ျဖို့ဒ်သည် ထူးခြားသောခြေစွမ်းခြေစရှိသည့် လူငယ်တစ်ဦးဖြစ်ကြောင်း နည်းပြဗန်ဟားလ်ချီးကျူး