လက်စတာတိုက်စစ်မှူးဗာဒီကို အစွဲပြုပြီး ရင်သွေးနာမည်ပေးမယ့် လက်စတာပရိသတ်
|
လက်စတာပရိသတ်တစ်ယောက်ဟာ တိုက်စစ်မှူးဂျာမိန်းဗာဒီရဲ့နာမည်ကိုအစွဲပြုပြီး ရင်သွေးကိုနာမည်ပေးဖို့အတွက် အွန်လိုင်းမှာဆန္ဒကောက်ခံပြီးနောက် အဲဒီအစီအစဉ်အတိုင်းလုပ်ဖို့ သူ့ချစ်သူကို စည်းရုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်စတာမြို့က အက်ရှ်လေမာရီရော့လို့အမည်ရတဲ့ ပရိသတ်ဟာ အွန်လိုင်းဆန္ဒမဲကောက်ခံမှုမှာ လက်မှတ်ပေါင်း ၅၀၀၀ ရရှိခဲ့ပြီးနောက် မွေးလာမယ့် သူ့သမီးလေးရဲ့အလယ်နာမည်ကို ဗာဒီဆိုပြီး ထည့်သွင်းကင်ပွန်းတပ်သွားမှာပါ။
သူ့အကြောင်းကို Leicester Mercury ၀က်ဘ်ဆိုက်မှာ သတင်းအဖြစ်ဖော်ပြခဲ့ပြီးနောက်မှာ ဆန္ဒမဲကောက်ခံမှုမှာ သတ်မှတ်အရေအတွက်ပြည့်သွားခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုထောက်ခံကြတယ်လို့ ဆိုပါတယ်။
“ဟိုတစ်နေ့ညကပဲ ကျွန်တော့်ချစ်သူက ရှင့်လှုပ်ရှားမှုကို ကျွန်မကြည့်နေတာ ဘာမှလည်းမထူးပါဘူးလို့ နောက်ပြီး ပြောခဲ့သေးတယ်။ သိပ်မကြာခင်မှာပဲ အဲဒီလှုပ်ရှားမှုက ကမ္ဘာအနှံ့ရောက်သွားတော့တာပဲ။ ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော့်ချစ်သူလည်း နားလည်သွားပြီ။ အခုအချိန်မှလည်း နောက်ဆုတ်လို့ မရတော့ဘူးလေ”လို့ မာရီရော့က ဖွင့်ဟခဲ့ပါတယ်။
မာရီရော့က သူ့ချစ်သူကို အစပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး စည်းရုံးလို့မရခဲ့ဘဲ တော်တော်သွေးဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်ခဏခဏပြောတာကို သူက နောက်တယ်ထင်နေတာ။ ကျွန်တော်က အတည်ပြောခဲ့တာ။ အဲဒီတော့ အတည်ဖြစ်ကြောင်းပြဖို့ ဆန္ဒမဲကောက်တာကို လုပ်ခဲ့တာပါပဲ”လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
သူဟာ ဆန္ဒမဲကောက်ခံမှုကို ပြီးခဲ့တဲ့တစ်ပတ်က စခဲ့တာဖြစ်ပြီး သတ်မှတ်အရေအတွက်ပြည့်သွားချိန်မှာ သူ့ချစ်သူလည်း သဘောတူခဲ့ပါတယ်။
ဆန္ဒမဲကောက်တဲ့စာမျက်နှာမှာ မှတ်ချက်ပြုခဲ့သူတွေအနက် ဂျာမိန်းဗာဒီဆိုတဲ့နာမည်နဲ့ လူတစ်ယောက်ပါပြီး အဲဒီလူက လက်စတာတိုက်စစ်မှူးအစစ်လား၊ နာမည်တပ်ထားသူတစ်ယောက်လားဆိုတာ မသိရဘဲ သူပေးထားတဲ့မှတ်ချက်ကတော့”အိပ်မက်အတိုင်းဖြစ်အောင်လုပ် သူငယ်ချင်း။ ငါတို့ကို အမြဲတမ်းအားပေးပါ။ သစ္စာရှိတဲ့ အစစ်အမှန်ပရိသတ်အဖြစ် ငါ့နာမည်ကို သမီးလေးရဲ့အလယ်နာမည်အဖြစ်ပေးမယ့်အတွက် ၀မ်းသာပါတယ်”လို့ ရေးခဲ့တာပါ။
Next : ဖီဖာဥက္ကဋ္ဌအဖြစ် ယူအီးအက်ဖ်အေအထွေထွေအတွင်းရေးမှူး အင်ဖန်တီနို ရွေးကောက်ခံရ