မိုးလိုက်ရွာခံနေရတဲ့ဗန်ဟားလ်အတွက် ကြယ်တစ်ပွင့်မွေးဖွားခြင်း
|
အားကစားရဲ့အလှအပတွေထဲမှာ ဘယ်အရာမဆို ခဏတာအတွက်ပဲဖြစ်တတ်တဲ့အချက် ပါဝင်ပါတယ်။ ဆိုးရွားစုတ်ပြတ်မှုကြုံရတဲ့တစ်နေ့တာဟာ နောက်တစ်နေ့မှာ ကောင်းမွန်ချောမွေ့မှုတွေ မယုံနိုင်လောက်အောင် ကြုံတတ်တာက အားကစားလောကမှာလည်း ကြုံတွေ့နေကျအရာတစ်ခုပါ။
မန်ယူပရိသတ်တွေက နည်းပြဗန်ဟားလ်နဲ့ပတ်သက်တဲ့ အနာဂတ်အကြောင်းကို တစ်ခွန်းမှ မဖွင့်ဟချင်တော့ချိန်မှာ သူတို့အတွက် စိတ်ဖြေစရာရလိုက်တာကတော့ မားကပ်စ်ရက်ခ်ျဖို့ဒ်နဲ့ ဒီပေးတို့လို လူငယ်တွေရဲ့အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တဲ့အကြောင်းအရာတွေ ပေါ်ပေါက်လာမှုပါပဲ။
မန်ယူအသင်းသားတွေရဲ့ ဘောလုံးထိချက်တိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပေမယ့် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နည်းပြဘ၀ကန့်လန့်ကာချပြီးနောက်ပိုင်း အခုအချိန်မှာတော့ မန်ယူရဲ့ပြိုင်ဘက်အသင်းတွေ ဘောလုံးထိလိုက်တိုင်း ရင်ခုန်စိုးထိတ်နေရတဲ့ မန်ယူအသည်းစွဲပရိသတ်တွေအတွက်တော့ အရင်လိုခံစားချက်မျိုး ပြန်ပေါ်လာနိုင်ရေးက ရင်ထဲက ဆန္ဒအစစ်အမှန်ပဲဖြစ်ပါတယ်။
မန်ယူရင်ဆိုင်ရတဲ့အသင်းက အသင်းငယ်လေးပဲဖြစ်နေပါစေ၊ မန်ယူပရိသတ်တွေ အနိုင်လိုချင်တဲ့ ပြိုင်ပွဲကြီးပွဲစဉ်ပဲဖြစ်နေပါစေ၊ အဲဒါတွေက အရေးမကြီးပါဘူး။ ခြေစွမ်းကောင်းတဲ့ပွဲက ခြေစွမ်းကောင်းတဲ့ပွဲအဖြစ်ပဲ သတ်မှတ်ရမှာဖြစ်ပြီး ဒီရာသီမှာ ခါးသီးတဲ့အရသာတွေကို မချစ်သော်လည်းအောင့်ကာနမ်းနေရတဲ့ မန်ယူနည်းပြနဲ့ ပရိသတ်အတွက်တော့ အပြောင်းအလဲအနည်းငယ်ဖြစ်စေပါတယ်။
ဒါ့အပြင် အမြဲတမ်း မိုးလိုက်ရွာခံနေရတဲ့ ဗန်ဟားလ်အတွက် အဆိုးထဲက အကောင်းဖြစ်လာစေခဲ့တဲ့ ယူရိုပါလိဂ်ပွဲကို မနေ့ညက ကစားခဲ့ပြီး အခုအချိန်မှာ မန်ယူပရိသတ်တွေအတွက် ချိုမြိန်မှုတွေပြည့်ဝနေတဲ့ ဆွေးနွေးစရာ အကြောင်းအချက်တစ်ခုဖြစ်သွားပါတယ်။
ယူရိုပါလိဂ်ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းမှာ အန်တိုနီမာရှယ် ဒဏ်ရာရသွားတာက မန်ယူရဲ့ဒဏ်ရာရလူစာရင်းမှာ ၁၆ ဦးအထိဖြစ်သွားစေပြီး အသက် ၁၈ နှစ်အရွယ် ရက်ခ်ျဖို့ဒ်အတွက်တော့ မန်ယူအသင်းကြီးအတွက် ပွဲဦးထွက်ကစားဖို့ တွန်းအားဖြစ်လာစေခဲ့ပါတယ်။
နောက် ၂ နာရီအကြာမှာတော့ ရက်ခ်ျဖို့ဒ်ဟာ မန်ယူအတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးသွင်းယူပြီး အောင်ပွဲခံခဲ့ပြီး အန်ဒရေဟာရဲရားက သူ့ကိုပင်နယ်တီကန်ခွင့်မပေးခဲ့လို့သာ ဟက်ထရစ်မရခဲ့ပေမယ့် ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ အသက် ၁၈ နှစ်အရွယ် ၀ိန်းရွန်နီက မန်ယူအတွက် ပွဲထွက်ပြီး ဟက်ထရစ်သွင်းခဲ့တာကို အမှတ်ရစေပါတယ်။
ဟာရဲရားရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပေမယ့် ရက်ခ်ျဖို့ဒ်ကတော့ အကောင်းဆုံးဇာတ်လမ်းတစ်ခုကို ခင်းကျင်းပြခဲ့ပါတယ်။ မန်ချက်စတာတောင်ပိုင်းက လူငယ်လေးဟာ အခုပွဲမှာ မြက်ခင်းစိမ်းပေါ်ခြေချခွင့်ရခဲ့တာက မန်ယူရဲ့အပြောင်းအရွှေ့ကာလလှုပ်ရှားမှုမှာ တိုက်စစ်မှူးတစ်ယောက် မခေါ်နိုင်ခဲ့တဲ့အချက်ကြောင့်ပဲ ဖြစ်ပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဆိုတာ ဘယ်သူလဲ
——————————————–
မန်ယူအကယ်ဒမီနည်းပြချုပ်အဖြစ် မကြာသေးခင်ကမှ ခန့်အပ်ခံထားရတဲ့ နစ်ကီဘတ်ဟာ မားကပ်စ်ရက်ခ်ျဖို့ဒ်ရဲ့ခြေစွမ်းကို သဘောကျသူဖြစ်ပြီး မန်ယူ ယူ-၁၉ အသင်းကို သူတာဝန်ယူစဉ်က ဒီလူငယ်လေးကို အသင်းခေါင်းဆောင်တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒေသခံလူငယ် ရက်ခ်ျဖို့ဒ်ဟာ မန်ချက်စတာမှာမွေးပြီး မန်ချက်စတာမှာပဲ ကြီးပြင်းလာတဲ့သူပါ။
ရက်ခ်ျဖို့ဒ်ရဲ့နာမည်ကို ပြန်ကြားရဖို့ခက်ခဲမယ့်အကြောင်းရင်းကတော့ ဒီလိုအသင်းကြီးမှာ သူ့ခြေစွမ်းထိုက်တန်ကြောင်း သက်သေပြဖို့ အချိန်ယူရမယ့်အချက်ကြောင့်ပါပဲ။ ဒါပေမဲ့ အဲဒါက အရေးမကြီးဘဲ နောက်ထပ်လူငယ်ကစားသမားဖြစ်တဲ့ ဒီပေးကလည်း မန်ယူဂျာစီနဲ့အတူ တောက်ပြောင်ခဲ့တာက မန်ယူပရိသတ်တွေအတွက် ပီတိဖြစ်စရာပါ။
ဒီပေးကတော့ ရက်ခ်ျဖို့ဒ်နဲ့ကွဲပြားပြီး မန်ယူကို ပြောင်းရွှေ့ကြေးပမာဏမြင့်မြင့်မားမားနဲ့ရောက်လာခဲ့ကာ ပဉ္စလက်ဆန်တဲ့ခြေစွမ်းတွေ ပြသခဲ့သူပါ။ ပြိုင်ဘက်အသင်းက သူ့အတွက် လွယ်ကူလွန်းနေတယ်ဆိုပေမယ့် မန်ယူမှာ သူ့အပေါ်ပရိသတ်တွေရဲ့စိတ်ရှည်မှု လျော့ပါးလာချိန်မှာ ရည်မှန်းချက်နဲ့ စတိုင်လ်ကိုအခြေပြုပြီး ပြိုင်ဘက်အပေါ် မညှာမတာကစားပြခဲ့တာက မျှော်လင့်ချက်ကို ပြန်ပြီးအရောင်တင်ပေးလိုက်တာပါပဲ။
ဗန်ဟားလ်ကတော့ ဒီရာသီမကုန်ဆုံးခင်မှာ ဒီပေးရဲ့ခြေစွမ်းအမြင့်တွေကို ဆက်မြင်လိုမှာဖြစ်ပြီး မန်ယူရဲ့ဒဏ်ရာရကစားသမားစာရင်းကလည်း ဒီရာသီမှာ ဂုဏ်သိက္ခာပြန်အဖတ်ဆယ်ရမယ့် မန်ယူအတွက် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေမှာ သူအစွမ်းပြဖို့က အရေးပါနေပါတယ်။
ဒီတစ်ပတ်မှာ အာဆင်နယ်နဲ့ကစားရမယ့် မန်ယူရဲ့ခြေစွမ်းဟာ ယူရိုပါလိဂ်ပုံစံမျိုးပြန်ဖြစ်ဖို့ လိုအပ်နေပြီး အနည်းဆုံးတော့ အဲဒီလိုပုံစံခပ်ဆင်ဆင်ဖြစ်နေဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ဒီပေးလိုကစားသမားအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ လိုအပ်နေပြီး ယူရိုပါလိဂ်ညချမ်းမှာ တိုက်ခတ်နိုင်ခဲ့တဲ့လေညင်းကို တွန်းအားယူပြီး မန်ယူတောင်ပံတွေ တစ်ဖျတ်ဖျတ်ရိုက်ခတ်နိုင်ဖို့ အလားအလာလည်းကောင်းနေပါတယ်။
နောက်ဆုံးမှာ မန်ယူက ၅ ဂိုးသွင်းခဲ့တယ်။ ပင်နယ်တီတစ်လုံးက ဂိုးမဖြစ်ခဲ့ပေမယ့် ပွဲပြီးရလဒ်ကတော့ မဖြစ်မနေလိုအပ်နေတဲ့အရာပါပဲ။ အားကစားလောကရဲ့ရသမြောက် ရင်ခုန်သံတွေမှာ မန်ယူမသေဆုံးသွားသေးတာကတော့ ဒီညက သက်သေဖြစ်နေပါသေးတယ်။
မားကပ်စ်ရက်ခ်ျဖို့ဒ်နဲ့ပတ်သက်တဲ့အကြောင်းအရာ ၅ ခု
————————————————————–
၁. ၁၉၉၇ Halloween (တစ္ဆေကြီးည) မှာ မွေးဖွားခဲ့သူ
ရက်ခ်ျဖို့ဒ်ကို ၁၉၉၇ အောက်တိုဘာ ၃၁ ရက်မှာမွေးဖွားခဲ့ပြီး အဲဒီအချိန်တုန်းက ဗန်ဟားလ်ဟာ ဟော်လန်ကလပ် အေဂျက်ကိုစွန့်ခွာပြီး ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူဖို့ထွက်ခွာသွားတဲ့နောက် လအနည်းငယ်အကြာမှာပဲဖြစ်ပါတယ်။ သူမမွေးခင်တစ်ရက်မှာ မန်ယူက ရှက်ဖီးဝက်စ်ဒေးကို အိမ်ကွင်းမှာ ၆ ဂိုးပြတ်သွင်းခဲ့ပြီး ရှရင်ဂမ်၊ အန်ဒီကိုးလ်နဲ့ ဆိုးလ်ရှားတို့က ၂ ဂိုးစီ သွင်းခဲ့ကြပါတယ်။
၂. ဖလက်ချာမို့စ်ရိန်းဂျားမှာ ကစားခဲ့ဖူးသူ
ရက်ခ်ျဖို့ဒ်ဟာ ဒေသခံလူငယ်ကလပ် ဖလက်ချာမို့စ်ရိန်းဂျားမှာကစားခဲ့ဖူးတဲ့ မန်ယူကစားသမားတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ၀က်စ်ဘရောင်း၊ ဒန်နီဝဲလ်ဘက်၊ ရေဗယ်လ်မော်ရစ်ဆင်တို့ဟာ သူတို့ရဲ့လူငယ်ဘ၀ကို အဲဒီအသင်းမှာဖြတ်သန်းခဲ့ကြဖူးပြီး လက်ရှိမန်ယူကစားသမားတွေဖြစ်တဲ့ ကင်မရွန်းဂျက်ဆင်နဲ့ တိုင်လာဘလက်ကတ်တို့ကလည်း အဲဒီကလပ်ကစားသမားဟောင်းတွေပါ။
၃. ယူ-၁၈ အဆင့်မှာ ထိပ်တန်းစာရင်းဝင်သူ
မနှစ်က မန်ယူ ယူ-၁၈ အသင်းမှာ ၂၅ ပွဲ ပွဲထွက်ကစားပြီး ၁၃ ဂိုးသွင်းယူခဲ့တဲ့ ရက်ခ်ျဖို့ဒ်ဟာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအရန်အသင်းအတွက်တော့ သူ့အသက် ၁၈ နှစ်မပြည့်ခင် တစ်လအလို ဒီရာသီမှာမှ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
၎. ယူအီးအက်ဖ်အေလူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲဦးထွက်မှာ ၂ ဂိုးသွင်းထားသူ
စက်တင်ဘာလတုန်းက ပီအက်စ်ဗီလူငယ်နဲ့ကစားတဲ့ပွဲမှာ လက်ရှိမန်ယူအကယ်ဒမီနည်းပြချုပ် နစ်ကီဘတ်က သူ့ကို အသင်းခေါင်းဆောင်တာဝန်ပေးခဲ့ပြီး မန်ယူက ၃-၀ နဲ့အနိုင်ရတဲ့ပွဲမှာ ပထမဂိုးကို ပင်နယ်တီကနေ သွင်းယူပေးပြီး စုစုပေါင်း ၂ ဂိုးသွင်းခဲ့ပါတယ်။
၅. မန်ယူအသင်းကြီးလူစာရင်းမှာ အရင်က ပါဝင်ဖူးသူ
နိုဝင်ဘာ ၂၁ ရက်နေ့က ၀က်ဖို့ဒ်ကို ၂-၁ နဲ့နိုင်တဲ့ပွဲနဲ့ တစ်ပတ်အကြာမှာ လက်စတာနဲ့သရေကျတဲ့ပွဲတွေရဲ့ မန်ယူအရန်စာရင်းမှာ ဗန်ဟားလ်က ရက်ခ်ျဖို့ဒ်ကို ထည့်သွင်းခဲ့ဖူးပေမယ့် ပွဲကစားခွင့်တော့ မရခဲ့ပါဘူး။
Ref: Daily Mail
Next : မက်ဆီလက်မှတ်ထိုးထားတဲ့ဂျာစီ ပိုင်ဆိုင်သွားပြီဖြစ်တဲ့ အာဖဂန်ကလေးငယ်