မက်ဆီလက်မှတ်ထိုးထားတဲ့ဂျာစီ ပိုင်ဆိုင်သွားပြီဖြစ်တဲ့ အာဖဂန်ကလေးငယ်
|
လီယွန်နယ်မက်ဆီရဲ့ နာမည်ကျော် ကျောနံပါတ် ၁၀ ကို အိမ်လုပ်ဂျာစီအဖြစ်ဖန်တီးဝတ်ဆင်ခဲ့တဲ့ အာဖဂန်ကလေးငယ်ဟာ အခုအချိန်မှာတော့ အာဂျင်တီးနားလက်ရွေးစင်ရဲ့ ဂျာစီအစစ်ကို အမှန်တကယ်ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။
မက်ဆီရဲ့အမာခံပရိသတ်ဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဂါဇ်နီပြည်နယ်အရှေ့ပိုင်း ဂျက်ဂရီခရိုင်က အသက် ၅ နှစ်အရွယ် မာတာဇာအာမက်ဒီကို ရှာဖွေတွေ့ရှိဖို့အတွက် ဘီဘီစီကကူညီပေးခဲ့တာဖြစ်ပြီး မက်ဆီရဲ့စီမံခန့်ခွဲမှုအဖွဲ့က မာတာဇာအတွက် မက်ဆီလက်မှတ်ထိုးထားတဲ့ အာဂျင်တီးနားဂျာစီနဲ့ဘောလုံးကို ပေးပို့လိုက်ပြီလို့ ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။
“မက်ဆီ့ကို သားချစ်တယ်။ မက်ဆီကလည်း သားကိုချစ်တယ်လို့ ဂျာစီမှာ ရေးထားတယ်”လို့ ကိုယ်တိုင်ဂိုးသွင်းပြီး အောင်ပွဲခံပြခဲ့တဲ့ မာတာဇာက ပြောခဲ့ပါတယ်။
ပလတ်စတစ်အိတ်အကျားနဲ့ မက်ဆီရဲ့အာဂျင်တီးနားဂျာစီကို တုပ၀တ်ဆင်ခဲ့တဲ့ မာတာဇာရဲ့ဓာတ်ပုံတစ်ပုံဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ဒီကလေးငယ်ကို အွန်လိုင်းကနေ ရှာဖွေမှုတွေ ကျယ်ပြန့်ခဲ့ပါတယ်။
မက်ဆီက ဂျာစီအစစ်ပေးချင်တာကြောင့် ရှာဖွေခံခဲ့ရတဲ့ ဒီကလေးငယ်ဟာ အီရတ်ကာ့ဒ်လူမျိုးဖြစ်တယ်လို့ အစောပိုင်းက ယူဆခဲ့ရပေမယ့် နောက်ပိုင်းမှာ အဲဒီလိုမဟုတ်ခဲ့ဘဲ သြစတြေးလျမှာ နေထိုင်နေတဲ့ မာတာဇာရဲ့ဦးလေးက ပုံထဲက ကလေးငယ်ဟာ မာတာဇာဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဘီဘီစီက အဲဒီကလေးငယ်ရဲ့အဖေကို ဆက်သွယ်နိုင်ခဲ့ပါတယ်။
မာတာဇာရဲ့အဖေ အာရစ်ဖ်က နိုင်ငံတကာကလူတွေကို သဘောကျနှစ်ခြိုက်စေခဲ့တဲ့ ဓာတ်ပုံထဲက ကလေးငယ်ဟာ သူ့သားဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဲဒီအဖြစ်ကြောင့် မာတာဇာဟာ အရမ်းပျော်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
မက်ဆီက သံတမန်အဖြစ်တာဝန်ယူထားတဲ့ ကုလသမဂ္ဂကလေးသူငယ်များအရေးပေါ်ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)ဟာ အဲဒီကလေးဆီကို မက်ဆီပို့ပေးတဲ့ဂျာစီ ရောက်ရှိဖို့အတွက် ကူညီခဲ့ပြီး အာဖဂန်ယူနီဆက်ဖ်က ဂျာစီရရှိအပြီး မာတာဇာရဲ့ပုံရိပ်တွေကိုလည်း သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
မက်ဆီဟာ မာတာဇာအတွက်ဂျာစီအပြင် နောက်ထပ်ဂျာစီတွေလည်း ထည့်သွင်းပေးပို့ခဲ့ပြီး အဲဒီဂျာစီတွေကိုတော့ မာတာဇာရဲ့အစ်ကိုအကြီးဆုံး၊ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံကိုစတင်ခဲ့တဲ့ ဟာမာယွန်အပါအ၀င် မာတာဇာမိသားစုဝင်တွေ ရရှိခဲ့ကြပါတယ်။
ဒီအဖြစ်တွေရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပလတ်စတစ်ဂျာစီကတော့ ဘယ်လိုစခန်းဆိုက်သွားလဲမသိရပေမယ့် အနားယူလိုက်ရပြီဆိုတာကတော့ သေချာပါတယ်။
Next : ရတနာပုံအသင်ကိုကျော်ဖြတ်ပြီး ရလဒ်ဆိုးတွေကနေ ရှမ်းယူနိုက်တက်ရုန်းထွက်နိုင်မလား စောင့်ကြည့်ရမယ့် Ooredoo MNL-2016 (Week -8) ပွဲစဉ်များ