၁-၃ ဖြင့်အနိုင်ရခဲ့သော်လည်း အပိုင်တွက်မရသေးကြောင်း မန်စီးတီးနည်းပြပယ်လီဂရီနီပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒုတိယအကျော့တွင် ပေါ့ပေါ့ဆဆမကစားရန် သတိပေးလိုက်သည့် ပယ်လီဂရီနီ

မန်စီးတီးသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်တွင် ဒိုင်နမိုကိဗ်အသင်းကို အဝေးကွင်းတွင် ၁-၃ ဖြင့်အနိုင်ရခဲ့သော်လည်း နည်းပြပယ်လီဂရီနီက အပိုင်တွက်မရသေးသဖြင့် ဒုတိယအကျော့တွင် ပေါ့ဆစွာမကစားရန် ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ယာယာတိုရေး၏နောက်ကျဂိုးဖြင့် အဝေးဂိုး ၃ ဂိုး ရရှိခဲ့သောကြောင့်  မန်စီးတီးသည် ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ရန် နီးစပ်သွားခဲ့ပြီဖြစ်သည်။

“ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီရလဒ်ဟာ အရမ်းကောင်းတဲ့ရလဒ်ပါ။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး အကောင်းဆုံးဖိကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်စိုးရိမ်တာက ၁-၃ နဲ့နိုင်ထားတယ်ဆိုပြီး အိမ်ကွင်းပွဲစဉ်မှာ ပေါ့ပေါ့ဆဆကစားမှာကိုပါ”ဟု ပယ်လီဂရီနီကပြောကြားခဲ့သည်။

ပယ်လီဂရီနီသည် အက်ဖ်အေဖလားပွဲစဉ်၌ ချဲလ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ ၁၀ ယောက်ထိပြုလုပ်ပြီး အဓိက ကစားသမားများကို ယခုပွဲစဉ်တွင် ပြန်လည်ပွဲထုတ်ခဲ့သည်။

ချဲလ်ဆီးနှင့်ကစားခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်တွင် အဓိကကစားသမားများကိုအနားပေးခဲ့ခြင်းနှင့်ပတ်သတ်၍ ပယ်လီဂရီနီက”ကျွန်တော်ပြိုင်ပွဲတိုင်းကို အလေးထားပြီးယှဉ်ပြိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်မှုပြည့်တဲ့ ကစားသမား ၁၃ ယောက်လောက်ပဲရှိတဲ့အချိန်မှာ ကစားသမားတွေကိုအနားပေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုဆုံးဖြတ်ခဲ့လို့ ဒီပွဲမှာ ကျွန်တော်တို့ ပြည့်ပြည့်၀၀ကစားနိုင်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

ယခုနိုင်ပွဲကြောင့် လီဗာပူးနှင့် တနင်္ဂနွေနေ့တွင်ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲအတွက် ယုံကြည်မှုပိုမိုတိုးတက်ခဲ့သည်ဟု နောက်ခံလူကွန်ပနီကယုံကြည်နေသည်။

comments

error: Content is protected !!