ဒိုင်လူကြီးကိုအနီကတ်ပြန်လည်ပြသခဲ့သည့်ဒါဆမ်ကို ထရက်ဇွန်စပါးပရိသတ်များထောက်ခံ
|
ဒိုင်လူကြီးကိုအနီကတ်ပြသဖြင့် ထုတ်ပယ်ခံခဲ့ရသော နောက်ခံလူဆာလီဒါဆမ်ကို ထောက်ခံကြောင်း ထရက်ဇွန်စပါးအသင်း၏ပရိသတ်များက ဆန္ဒထုတ်ဖော်ခဲ့သည်။
ထရက်ဇွန်စပါးအသင်းမှ ဆာလီဒါဆမ်သည် ဂါလာတာစာရေးအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ဒိုင်လူကြီးဒန်းနစ်ဘစ်နယ်ကို အနီကတ်ပြန်လည်ပြသခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
အနီကတ်မှာ မြေကြီးပေါ်သို့လွတ်ကျချိန်တွင် ၎င်းကကောက်ယူကာ ဒိုင်လူကြီးကိုပြသခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုပွဲအတွင်း ၄ ယောက်မြောက်ထုတ်ပယ်ခံရသော ကစားသမားလည်းဖြစ်သည်။
သို့သော်ဒါဆမ်၏အပြုအမူကို ပရိသတ်များကထောက်ခံခဲ့ပြီး အဆိုပါပွဲအတွင်း ဒိုင်လူကြီးဘစ်နယ်၏ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်း ဝေဖန်ခဲ့ကြသည်။
ထရက်ဇွန်စပါးအသင်းကလည်း ဒါဆမ်အနီကတ်ပြသနေပုံကို ရိုက်နှိပ်ထားသော တီရှပ်များအား ၎င်းတို့၏တရားဝင်လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
ထရက်ဇွန်စပါးအသင်းသည် ထိုပွဲတွင်ကစားသမား ၂ ယောက်ထုတ်ပယ်ခံရပြီးချိန် ၁-၁ ဖြင့်ယှဉ်ပြိုင်ကစားနေစဉ် ဒိုင်လူကြီးက ထရက်ဇွန်စပါးအသင်းမှ ကာဗန်ဒါကိုထပ်မံအနီကတ်ပြထုတ်ပယ်ခဲ့ကာ ဂါလာတာစာရေးအသင်းကို ပယ်နယ်တီကန်ခွင့်ပြုခဲ့သည်။
Photo: ဒိုင်လူကြီးကို အနီကတ်ပြသခဲ့သည့် ဒါဆမ်နှင့် ထောက်ခံနေသော ပရိသတ်များ (Getty Images)
Next : ရလဒ်ဆိုးများကြောင့် နည်းပြဆန်ဒိုဗယ်ကို ဂရန်နာဒါထုတ်ပယ်ပြီး ဂွန်ဇာလက်ဇ်နည်းပြသစ်ဖြစ်လာ