ဒီရာသီ ၁၆၄ ရက်မှာ ပျမ်းမျှ ၃.၇၄ ရက်ကို ၁ ပွဲနှုန်းကစားထားတဲ့ ဘာစီလိုနာနဲ့ အာဆင်နယ်အတွက် မျှော်လင့်နိုင်တဲ့အနေအထား
|
မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ်တို့က ပွဲစဉ်တွေများပြားလွန်းလို့ စိုးရိမ်ကြတဲ့အကြောင်းတွေပြောနေချိန်မှာ ဥရောပဘောလုံးလောကရဲ့ပွဲကျပ်ဘုရင်ဖြစ်တဲ့ ဘာစီလိုနာကိုလည်း မေ့ထားလို့တော့ မရပါဘူး။
ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်တွေမှာ ရက်အနည်းငယ်အနားရခဲ့ပေမယ့် စပိန်အင်အားကြီးကလပ်ဟာ သြဂုတ်လနှောင်းပိုင်းကစပြီး စနေ၊ တနင်္ဂနွေတိုင်း၊ ကြားရက်တိုင်းမှာ ပွဲကစားခဲ့ရပါတယ်။
အဲဒီပွဲစဉ်တွေထဲမှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ပွဲတွေပါဝင်ပြီး ဒီဇင်ဘာလတုန်းကလည်း ဂျပန်မှာ ကမ္ဘာ့ကလပ်ချန်ပီယံဖလားပြိုင်ပွဲ ကစားခဲ့ရပါတယ်။
ဒါပေမဲ့ အခုလိုများပြားတဲ့ပွဲတွေနဲ့ အဝေးကွင်းပွဲတွေကစားဖို့ မကြာခဏ ခရီးထွက်နေရပေမယ့် လူးဝစ်အန်းနရစ်ဦးဆောင်တဲ့ ဒီအသင်းရဲ့ခြေစွမ်းကတော့ သိသိသာသာယိမ်းယိုင်သွားတာမျိုး မရှိခဲ့ပါဘူး။
ဘာစီလိုနာဟာ အောက်တိုဘာ ၃ ရက်က ဆီဗီလာကို အဝေးကွင်းမှာ ရှုံးခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၃၂ ပွဲ အရှုံးမရှိမှတ်တမ်းရှိထားပါတယ်။
အမှန်တော့ အခုလောက်ပွဲစဉ်တွေ ကစားရတာတောင် မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်နဲ့ တခြားအသင်းသားတွေဟာ ပွဲပန်းနွမ်းလျမှုကင်းပြီး ရင်သပ်ရှုမောစရာခြေစွမ်းတွေနဲ့ အကောင်းဆုံးရသတွေ ပေးနေပါတယ်။
ဘာကာရဲ့တစ်ပုံတစ်ပင်ပွဲစဉ်များ
————————————–
စစ်မျက်နှာ ၆ ခုဖွင့်ထားတဲ့ ဘာစီလိုနာအတွက် ၂၀၁၅-၁၆ ရာသီမှာ အနားယူအပန်းဖြေချိန် အနည်းငယ်သာရထားပြီး သူတို့ရဲ့ပွဲစဉ်အချက်အလက်တွေကတော့…
လာလီဂါ – ၂၅ ပွဲ
ချန်ပီယံလိဂ် – ၆ ပွဲ
ကိုပါဒယ်ရေး – ၈ ပွဲ
ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ – ၂ ပွဲ
စပိန်စူပါဖလား – ၂ ပွဲ
ယူအီးအက်ဖ်အေစူပါဖလား – ၁ ပွဲ
ပွဲစဉ်စုစုပေါင်း – ၄၄ ပွဲ
၂၀၁၅-၁၆ ရာသီအတွင်း ပျမ်းမျှ ၃.၇၃ ရက်တွင် တစ်ပွဲနှုန်း ကစားထားသည်။
ပွဲစဉ်များပြားမှုနဲ့ပတ်သက်ပြီး အခုတစ်လော အင်္ဂလန်မှာ သတင်းခေါင်းကြီးပိုင်းဖြစ်နေပြီး မန်စီးတီးနည်းပြ ပယ်လီဂရီနီကလည်း ချဲလ်ဆီးကို ၅-၁ နဲ့ရှုံးခဲ့တဲ့ အက်ဖ်အေပွဲစဉ်မှာ လူငယ်တွေကို ပွဲထုတ်ခဲ့ပါတယ်။
မန်စီးတီးနည်းပြဟာ မနက်ဖြန်ကစားမယ့် ဒိုင်နမိုကိဗ်နဲ့ကစားရမယ့် အဝေးကွင်း ချန်ပီယံလိဂ်ပွဲ၊ တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ကစားရမယ့် ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲတွေအတွက် အက်ဖ်အေပြိုင်ပွဲကို အပြည့်အ၀စတေးလိုက်တာပဲ ဖြစ်ပါတယ်။
မန်စီးတီးနဲ့အလားတူ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကလည်း အက်ဖ်အေဖလား တတိယအဆင့် လိဂ် ၂ ကလပ် အိတ်စတာနဲ့ပွဲမှာ အတွေ့အကြုံနုတဲ့ကစားသမားတွေကိုပွဲထုတ်ပြီး ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီမှာကစားရမယ့် ပရီးမီးယားလိဂ်၊ ကက်ပီတယ်ဝမ်းဖလားတွေအတွက် ပြင်ဆင်ခဲ့ဖူးပါတယ်။
အာဆင်နယ်ကလည်း အက်ဖ်အေမှာ ဟူးလ်စီးတီးကို သရေကစားခဲ့တဲ့အတွက် ပြန်ကန်ပွဲ ယှဉ်ပြိုင်ရတော့မှာဖြစ်လို့ ပွဲစဉ်တွေကျပ်သွားခဲ့ပါတယ်။
အဲဒီပြန်ကန်ပွဲကို မတ်လ ၈/၉ မှာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားရမှာဖြစ်လို့ ပြန်တည်လို့မရနိုင်ဘဲ ချန်ပီယံလိဂ်ပွဲက မတ်လ ၇ ရက်နေ့မှာ လန်ဒန်မြောက်ပိုင်းဒါဘီအဖြစ် စပါးနဲ့ကစားအပြီး ၄၈ နာရီအကြာမှာ ယှဉ်ပြိုင်ရမှာပါ။
ဒါကြောင့် ဟူးလ်စီးတီးနဲ့ပွဲကို အက်ဖ်အေဖလားကွာတားဖိုင်နယ်တွေကစားမယ့် မတ်လ ၁၁/၁၄ တို့မှာ ကစားရဖို့ဖြစ်နိုင်ခြေရှိနေပြီး အဲဒီပွဲနိုင်သူက ၀က်ဖို့ဒ်နဲ့ကစားရမယ့် ကွာတားဖိုင်နယ်ပွဲကိုတော့ ပြန်ရွှေ့ဖို့အခြေအနေရှိနေပါတယ်။
အင်္ဂလန်ကလပ်တွေက ပွဲစဉ်အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိနေပေမယ့် ဘာစီလိုနာကတော့ တစ်ရာသီလုံးနီးပါး ပွဲစဉ်တွေပြည့်နှက်နေခဲ့တာပါ။
အင်္ဂလန်ကလပ်တွေရဲ့ပြဿနာများ
——————————————-
ပယ်လီဂရီနီ၊ ၀င်းဂါးနဲ့ ကလော့ပ်တို့က ပွဲစဉ်တွေများတယ်လို့ ညည်းနေကြပေမယ့် သူတို့အသင်းတွေက ဘာစီလိုနာလောက် ဒီရာသီမှာ ပွဲစဉ်မများပါဘူး။
မန်စီးတီး – ၄၀ ပွဲ (၄.၀၈ ရက်လျှင် ၁ ပွဲနှုန်း)
အာဆင်နယ် – ၃၈ ပွဲ (၄. ၅၅ ရက်လျှင် ၁ ပွဲနှုန်း)
လီဗာပူး – ၄၂ ပွဲ (၃.၉၅ ရက်လျှင် ၁ ပွဲနှုန်း)
အန်းနရစ်ဟာ သူ့အသင်းရဲ့အမြင့်ဆုံးခြေစွမ်းကို ကစားသမားအစုံထုတ်ခြင်းနဲ့ အစွမ်းမပြနိုင်သေးပေမယ့် ဘယ်ကစားသမားကိုပဲ ကစားခွင့်ပေးပါစေ နိုင်ပွဲဆက်နေတာက သူတို့အတွက် လှပတဲ့အချက်တစ်ခုပါ။
ဘာစီလိုနာကစားသမားတွေဟာ စပိန်ဆောင်းရာသီနားရက်အဖြစ် ခရစ္စမတ်မှာပဲ ခဏတာနားခဲ့ရပေမယ့် အဲဒါကလည်း ကမ္ဘာ့ကလပ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့အပြီးမှာ ပင်ပန်းခဲ့တာတွေ ပျောက်ရုံလောက်ပဲ နားခွင့်ရခဲ့ပါတယ်။
စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်တွေတုန်းကလည်း ဘာစီလိုနာကစားသမားအများစုဟာ သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေအတွက် ခရီးပြင်းနှင်ပြီး ကစားပေးခဲ့ရတာကြောင့် နားချိန်မရှိခဲ့ကြပါဘူး။
သူတို့နားခဲ့ရတဲ့ကြားရက်ဆိုလို့ သြဂုတ် ၂၃ ရက်နေ့က ဘီလ်ဘာအိုကို ၀-၁ နဲ့နိုင်ခဲ့တဲ့ပွဲနဲ့ သြဂုတ် ၂၉ ရက်နေ့က မာလာဂါကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲစဉ် ၂ ခုရဲ့ ကြားကာလက နောက်ဆုံးအကြိမ်ပါပဲ။
ပြီးခဲ့တဲ့သီတင်းပတ်မှာဆိုရင် ဘာစီလိုနာဟာ စပို့တင်းဂီဂျွန်နဲ့ကစားဖို့ စပိန်မြောက်ပိုင်းကို ခရီးထွက်ခဲ့ရပြီး ဘာစီလိုနာကို ပြန်လာကာ စနေနေ့က လက်စ်ပါးမက်စ်နဲ့ပွဲအတွက် ကန်နရီကျွန်းစုတွေကို ထပ်သွားခဲ့ရပြန်ပါတယ်။ အဲဒီကနေ ဘာစီလိုနာကို ပြန်လာပြီး တနင်္လာနေ့မှာတော့ လန်ဒန်ကို အရောက်စိုင်းခဲ့ရတာကြောင့် ဒီအခြေအနေက ဘာစီလိုနာရဲ့ခြေစွမ်းကို သက်ရောက်မှုရှိစေဖို့ အာဆင်နယ်ဘက်က မျှော်လင့်နိုင်တဲ့အနေအထားတစ်ခုဆိုတာ တင်ပြလိုက်ပါတယ်။
ဘာစီလိုနာကစားသမားတချို့ရဲ့ အချက်အလက်များ
——————————————————————
– ဆွာရက်ဇ်က ပြိုင်ပွဲစုံ ၃၇ ပွဲကစားထားလို့ အာဆင်နယ်တစ်သင်းလုံး ဒီရာသီကစားထားတဲ့ စုစုပေါင်းပွဲထက် ၁ ပွဲပဲ နည်းပါတယ်။
– ဒီရာသီမှာ ဘတ်စ်ကွက်ဟာ ၃၆ ပွဲ ကစားပေးထားပါတယ်။
– ရာကီတစ်ရဲ့ ဒီရာသီကစားထားတဲ့ပွဲအရေအတွက်က ၄၀ ရှိလို့ မန်စီးတီးရဲ့စုစုပေါင်းပွဲအရေအတွက်နဲ့ တူညီနေပါတယ်။
မှတ်ချက် – Daily Mail မှဆောင်းပါးအား မူရင်းအာဘော်အတိုင်း ဘာသာပြန်ဖော်ပြထားခြင်းဖြစ်သည်။
Next : ဒိုင်လူကြီးကိုအနီကတ်ပြန်လည်ပြသခဲ့သည့်ဒါဆမ်ကို ထရက်ဇွန်စပါးပရိသတ်များထောက်ခံ