လေဗာကူဆင်နည်းပြကြောင့် ဒေါ့မွန်နှင့်ပွဲတွင် ကွင်းလယ်ဒိုင်က ၈ မိနစ်ကြာ ပွဲရပ်နား
|
ယမန်နေ့ညက ကစားခဲ့သည့် လေဗာကူဆင်အား ဒေါ့မွန်က ၁-၀ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ကွင်းလယ်ဒိုင် ဖီးလစ်ဝါယာမှာ အနိုင်ဂိုးနှင့်ပတ်သက်ပြီး လေဗာကူဆင်နည်းပြ ရှမစ်က စောဒကတက်မှုကြောင့် ထိုပွဲအား ၈ မိနစ်ကြာ ရပ်နားခဲ့ကြောင်း သိရှိရသည်။
ထိုပွဲစဉ်တွင် ဒေါ့မွန်က အာဘူမီယန်သွင်းယူခဲ့သော အနိုင်ဂိုးမှာ ဒေါ့မွန်ကွင်းဘက်ခြမ်းတွင်ရရှိသော ပြစ်ဒဏ်ဘောမှတစ်ဆင့်ရရှိခဲ့ခြင်းဖြစ်ကာ ထိုပြစ်ဒဏ်ဘောကို အမှန်တကယ်ပြစ်ဒဏ်ကျူးလွန်ခဲ့သောနေရာမှ စတင်ကန်ခဲ့ခြင်းမဟုတ်သဖြင့် လေဗာကူဆင်နည်းပြ ရှမစ်က စောဒကတက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကွင်းလယ်ဒိုင်က လေဗာကူဆင်အသင်းခေါင်းဆောင် ကီးစလင်းကိုခေါ်ယူကာ ၎င်း၏နည်းပြအား နည်းစနစ်ဧရိယာမှ ထွက်ခွာသွားရန် ညွှန်ကြားချက်အား သွားရောက်ပြောကြားခိုင်းခဲ့သော်လည်း ရှမစ်က လိုက်နာမှုမရှိသဖြင့် ပွဲရပ်နားကာ နှစ်ဖက်အသင်းသားများကို အ၀တ်လဲခန်းသွားရာ ဥမင်အတွင်း ကွင်းလယ်ဒိုင်က ဦးဆောင်ခေါ်သွားခဲ့သည်။
ပွဲချိန် ၆၄ မိနစ်တွင် ပွဲရပ်နားခဲ့သော ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်မှာ ၈ မိနစ်ကြာမြင့်ခဲ့ပြီး ပွဲပြန်လည်စတင်ချိန်တွင် ရှမစ်မှာ အသင်းအ၀တ်လဲခန်းမှသာ ထိုပွဲအား ဆက်လက်ကြည့်ရှုခဲ့ရပြီး ယခုအဖြစ်အပျက်မှာ ဘွန်ဒက်စ်လီဂါသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။
ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ ရှမစ်က ပွဲအပြီးပြောကြားရာတွင် “ကျွန်တော် ခေါင်းမာပြီး ခံစားချက်အရမ်းထည့်ခဲ့လို့ ကျွန်တော့်အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့ ဂိုးတစ်ဂိုးဖြစ်လို့ အကူဒိုင်ကို ကျွန်တော်က ထောက်ပြခဲ့တာပါ။ ကျွန်တော့်ဘက်က အမှားပါ။ ဒါပေမဲ့ ကျွန်တော့်ကို ဘာလို့ပွဲကြည့်စင်ပေါ်တက်ဖို့ ကွင်းလယ်ဒိုင်က ပြောရတာလဲဆိုတာတော့ ရှင်းပြစေချင်ပါတယ်”ဟု ဆိုသည်။
Next : ဘာစီလိုနာမှပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တမရကြောင်း အာဆင်နယ်ကစားသမားဆန်းချက်ဇ်ပြော