ဘာစီလိုနာမှပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တမရကြောင်း အာဆင်နယ်ကစားသမားဆန်းချက်ဇ်ပြော
|
အင်္ဂါနေ့တွင်ကစားမည့် ဘာစီလိုနာနှင့်ပွဲစဉ်တွင် အာဆင်နယ်အတွက်ပွဲထွက်ကစားမည့် ဆန်းချက်ဇ်က ဘာစီလိုနာမှ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တမရကြောင်း ပြောဆိုသွားခဲ့သည်။
ဆန်းချက်ဇ်သည် ၂၀၁၄ ဇူလိုင်လက ဘာစီလိုနာမှ အာဆင်နယ်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းဟောင်းနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်မှာ စိတ်လှုပ်ရှားစရာကောင်းကြောင်း ၀န်ခံသွားခဲ့သည်။
“ကျွန်တော့်ဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး။ ဘာစီလိုနာကိုစွန့်ခွာဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ အသင်းတစ်သင်းတည်းမှာပဲ အနားယူတဲ့အထိကစားတဲ့ ကစားသမားမျိုးက ရှားပါတယ်။ အသင်းပြောင်းကြတာ ပုံမှန်ပါပဲ။ အတွေ့အကြုံသစ်တွေလည်း ကျွန်တော်လိုချင်တယ်။ ဘာစီလိုနာမှာလည်း တိုက်စစ်ကစားသမားတွေများပြားနေတဲ့အတွက် အသင်းပြောင်းခဲ့တာပါ။ အာဆင်နယ်ကိုရွေးချယ်ခဲ့တာ ကောင်းမွန်တဲ့ရွေးချယ်မှုလို့ ထင်ပါတယ်။ အာဆင်နယ်မှာကစားရတာ ကျွန်တော်ပျော်ပါတယ်”ဟု ဆန်းချက်ဇ်က အသင်းပြောင်းရွှေ့ခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဖွင့်ဟသွားခဲ့သည်။
ဆန်းချက်ဇ်သည် ဘာစီလိုနာတွင်ကစားစဉ်က ၁၄၁ ပွဲ ပွဲထွက်ခွင့်ရခဲ့ကာ ၄၇ ဂိုးသွင်းယူထားနိုင်ပြီး ဘာစီလိုနာနှင့်အတူ စပိန်လာလီဂါဆုဖလား ၁ ကြိမ်၊ စပိန်ဘုရင့်ဖလား ၁ ကြိမ်၊ စပိန်စူပါဖလား ၂ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဖလား ၁ ကြိမ် ရယူထားနိုင်ခဲ့သည်။
ဆန်းချက်ဇ်သည် အာဆင်နယ်အတွက် ၃၅ ဂိုးသွင်းယူပေးထားပြီး အက်ဖ်အေဖလားတစ်ကြိမ်သာရယူထားသော်လည်း ပရီးမီးယားလိဂ်တွင် ထိပ်သီးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသည့်အတွက် အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့သည်မှာ မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်သည်ဟု ၎င်းကယုံကြည်နေသည်။
Next : ဒီရာသီ ၁၆၄ ရက်မှာ ပျမ်းမျှ ၃.၇၄ ရက်ကို ၁ ပွဲနှုန်းကစားထားတဲ့ ဘာစီလိုနာနဲ့ အာဆင်နယ်အတွက် မျှော်လင့်နိုင်တဲ့အနေအထား