တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းကောင်းမွန်လာခြင်းကြောင့် ချန်ပီယံဆုဆက်ထိန်းနိုင်မည်ဟုယုံကြည်ကြောင်း ရန်ကုန်နည်းပြဆို
|
အောင်သော်ဖြိုး
ဖေဖော်ဝါရီ ၂၂။
မြန်မာနေရှင်နယ်လိဂ် ၂ဝ၁၅ ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း၏ခြေစွမ်းသည် တစ်ပွဲထက်တစ်ပွဲပိုမိုကောင်းမွန်လာသဖြင့် ဘောလုံးရာသီကုန်ဆုံးချိန်တွင် လက်ရှိချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်နည်းပြချုပ်မာယန်က ရခိုင်ယူနိုက်တက်အသင်းနှင့်ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“လိဂ်ပွဲတွေ အများကြီးကျန်ပါသေးတယ်။ ရာသီကုန်မှာ ချန်ပီယံဖြစ်မယ်လို့ယုံကြည်ထားတယ်။ မယုံကြည်ရင် ဒီနည်းပြချုပ်ရာထူးမှာတောင် ရှိနေမှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် Ooredoo MNL 2016 Week-7 အဖြစ်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ယူနိုက်တက်နှင့်ပွဲစဉ်တွင် ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့ပြီး အဆိုပါပွဲတွင် အသင်းသားများ၏စွမ်းဆောင်ရည်ကို နည်းပြချုပ်က ချီးကျူးခဲ့ပြီး ရန်ကုန်ယူနိုက်တက်အနေဖြင့် လက်ရှိခြေစွမ်းကို ကျေနပ်မနေဘဲ တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ရန်ကုန်နည်းပြချုပ်မာယန်က ပြောဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီအစတွင် ရလဒ်များဆိုးရွားနေခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၅ မတိုင်မီအထိ နိုင်ပွဲမရခဲ့ဘဲ ပွဲစဉ်-၅ မှ စတင်ကာ ချင်းယူနိုက်တက်၊ ဟော်ရီဇွန်၊ ရခိုင်အသင်းတို့ကို ၃ ပွဲဆက် အနိုင်ရရှိထားသည်။
Photo: ချန်ပီယံဆုဆက်ထိန်းနိုင်မည်ဟု ယုံကြည်နေသည့် နည်းပြမာယန် (ATP)
Next : လေဗာကူဆင်နည်းပြကြောင့် ဒေါ့မွန်နှင့်ပွဲတွင် ကွင်းလယ်ဒိုင်က ၈ မိနစ်ကြာ ပွဲရပ်နား