အင်္ဂလန်ရိုးရာ အက်ဖ်အေပြန်ကန်ပွဲစဉ်များကို မဖျက်သိမ်းသင့်ဟု အာစင်ဝင်းဂါးယူဆ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အက်ဖ်အေပွဲ ၁၀၀ ပြည့်မည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်အသင်းတိုင်းသည် ဘောလုံးပြက္ခဒိန်တွင်မပါဝင်သော အပိုပွဲစဉ်များအား ယှဉ်ပြိုင်နိုင်သည့် လုံလောက်သောကစားသမားအင်အားရှိသဖြင့် အက်ဖ်အေပြန်ကန်ပွဲများကို ဖျက်သိမ်းရန်မလိုဟု ယူဆကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

“ဒီပွဲစဉ်တွေက အင်္ဂလန်ရဲ့ရိုးရာဖြစ်နေပြီ။ ဒါကို အလေးထားပြီး ဒီလိုပဲ ဆက်ထိန်းသိမ်းသင့်တယ်။ အသင်းတိုင်းကလည်း ပွဲစဉ်အများကြီးကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်”ဟု အာစင်ဝင်းဂါးက ဆိုသည်။

ပြီးခဲ့သည့်နှစ်ရာသီ အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်မှာ ယနေ့တွင် ချန်ပီယံရှစ်ကလပ် ဟူးလ်စီးတီးနှင့် အက်ဖ်အေပွဲစဉ်ကစားရမည်ဖြစ်ပြီး နောက် ၃ ရက်အကြာတွင် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကစားရမည်ဖြစ်သည်။

အာဆင်နယ်မှာ ဟူးလ်စီးတီးကို သရေကျခဲ့ပါက ပြန်ကန်ပွဲစဉ်ကစားရမည်ဖြစ်၍ မတ်လပထမအပတ်နှင့် ဒုတိယအပတ်အတွင်း ပွဲစဉ်များပြားသွားမည်ဖြစ်သော်လည်း အာဆင်ဝင်းဂါးက အက်ဖ်အေပြိုင်ပွဲထုံးစံကို ပြောင်းလဲရန်ဆန္ဒမရှိချေ။

ယနေ့ညတွင် နည်းပြဘ၀ အက်ဖ်အေပွဲစဉ် ၁၀၀ မြောက်ကို တာဝန်ယူရမည့် အာစင်ဝင်းဂါးက”ကျွန်တော်က အင်္ဂလန်မှာ နည်းပြလုပ်နေတာကြာပြီဆိုတော့ အက်ဖ်အေပြိုင်ပွဲစည်းမျဉ်းတွေကို ခံနိုင်ရည်ရှိနေပြီ။ ရှေးရိုးစွဲအင်္ဂလိပ်တစ်ယောက်ဖြစ်နေပြီပေါ့ဗျာ။ လာမယ့်ရာသီမှာ ၀င်ငွေပိုများမှာဖြစ်လို့ အသင်းတိုင်းက ထိပ်တန်းကစားသမား ၂၅ စီရှိလိမ့်မယ်။ ကျွန်တော့်အတွက် စည်းမျဉ်းပြောင်းစရာမလိုပါဘူး။ ပြင်သစ်မှာတုန်းက ရုပ်သံကနေ ပထမဆုံးစကြည့်ခဲ့ဖူးတာ အက်ဖ်အေပွဲစဉ်ပါ။ ကျွန်တော်တို့အိမ်မှာ တီဗီမရှိတဲ့အတွက် ကျောင်းကိုသွားပြီး အဖြူအမည်းတီဗီနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကြည့်ခဲ့ရတယ်။ အဲဒီတုန်းကတော့ အက်ဖ်အေပွဲစဉ် ၁၀၀ အထိ နည်းပြဘ၀နဲ့ကြုံရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပွဲ ၁၀၀ ဆိုတာ တော်တော်များလို့ ဂုဏ်ယူစရာပါပဲ”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!