မစ်ဂျေလန်းကိုရှုံးနိမ့်ခဲ့ခြင်းမှာ မာဖီဥပဒေသအရဖြစ်ကြောင်း ဗန်ဟားဆို
|
မန်ယူနည်းပြဗန်ဟားလ်က ၎င်း၏အသင်းသည် မစ်ဂျေလန်းကို ၂-၁ ရှုံးနိမ့်ခဲ့ရခြင်းမှာ မာဖီဥပဒေသအရဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာဖီဥပဒေသဆိုသည်မှာ မကောင်းသည့်ကိစ္စတစ်ခုခုကြုံရမည်ဟု ကံကြမ္မာကသတ်မှတ်ထားပါက ရှောင်လွှဲ၍မရခြင်း သို့မဟုတ် မည်သည့်ကိစ္စရပ်တွင်မဆို မထင်မှတ်ထားသည့်လွဲချော်မှုများ ဖြစ်လာနိုင်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။
မန်ယူသည် ထိုပွဲတွင် ဒီပေး၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အိမ်ရှင်အသင်းမှ ဆစ်တို၏ချေပဂိုး၊ လူစားဝင်ကစားသမား အိုနူအာချူ၏အနိုင်ဂိုးများကို ပြန်လည်ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရကစားသမား ၁၃ ယောက်အထိရှိနေသော မန်ယူသည် ၎င်းပွဲမကစားမီ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ် ဂိုးသမားဒီဂီယာမှာ ထပ်မံဒဏ်ရာရခဲ့သောကြောင့် အရန်ဂိုးသမားရိုမီယိုဖြင့် ပွဲထွက်ခဲ့ရသည်။
“ဒါဟာ မာဖီဥပဒေသအရလို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားတွေရဲ့ခေါင်းထဲမှာလည်း ရှုပ်ထွေးမှုတွေရှိခဲ့ပြီး ပွဲအစ ၁၀ မိနစ် ၁၅ မိနစ်လောက်အထိ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ဆုံမှုတွေရှိပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ မဟုတ်ရင် ကျွန်တော်တို့လည်းဂိုးရခဲ့မှာပါ။ လင်ဂတ်က အပိုင်အခွင့်အရေး ၂ ကြိမ်အထိ ရရှိခဲ့ပါတယ်”ဟု ဗန်ဟားလ်ကပြောကြားခဲ့သည်။
ထို့အပြင် ဗန်ဟားက ၎င်းပွဲအပြီးတွင် မန်ယူပရိသတ်များလှောင်ပြောင်ဆဲဆိုခဲ့ခြင်းနှင့် ထိုက်တန်ကြောင်း ၀န်ခံပြောကြားခဲ့သည်။
Next : ဖာဘရီဂတ်စ်နှင့် အီဘရာမိုဗစ်တို့ ပွဲအပြီးတွင် အပြန်အလှန်စကားများခဲ့