ဆူဇူကီးပြိုင်ပွဲမတိုင်ခင် ၃ လ လေ့ကျင့်ချိန်ရတာဟာ ကျွန်တော်တို့အတွက် အားသာချက်ပါ (မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျနှင့်တွေ့ဆုံခြင်း)
|
အောင်သော်ဖြိုးမေးမြန်းသည်။
ATP – လက်ရှိလူစာရင်းကို အားရကျေနပ်မှုရှိရဲ့လား။
လက်ရှိလူစာရင်းကို အားရပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို လိုက်ကြည့်နေပါတယ်။ ရှေ့လမှာထုတ်တဲ့ အပြီးသတ်လူစာရင်းမှာ လက်ရှိလိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ထပ်မံရွေးချယ်သွားဦးမှာပါ။ အခုက ပဏာမ ကစားသမားစုစုပေါင်း ၃၄ ယောက်နဲ့ လေ့ကျင့်နေပါတယ်။
ATP – လက်ရွေးစင်အသင်းအတွက်လူရွေးချယ်ရာမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်နေရာတွေအတွက် ကစားသမားတွေရှားပါးနေလဲ။
ကျွန်တော်တို့မှာ ရှေ့တန်းတိုက်စစ်မှူးကောင်းတွေရှိပါတယ်။ ကျော်ကိုကို၊ အောင်သူ၊ ဆော်လမန်၊ သက်နိုင်တို့ရှိပါတယ်။ တိုက်စစ်အားသန်ကစားသမားတွေလည်း အများကြီးရှိပါတယ်။ ပြဿနာရှိနေတာက ဗဟိုနောက်ခံလူနေရာပါ။ မြန်မာနေရှင်နယ်လိဂ်အသင်းတွေမှာ ဗဟိုနောက်ခံလူနေရာကို နိုင်ငံခြားသားတွေက ကြီးစိုးထားပါတယ်။ ပြည်တွင်းကစားသမားတွေနေရာမရကြပါဘူး။ ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေကို ရွေးချယ်ဖို့ဆိုတာ ခက်ခဲပါတယ်။ လက်ရှိ မြန်မာနေရှင်နယ်လိဂ်ကလပ်တွေထဲမှာ ဟံသာဝတီအသင်းကိုသဘောကျပါတယ်။ အဲဒီအသင်းမှာ ပြည်တွင်းနောက်ခံလူနှစ်ယောက်ကို ပွဲထွက်အသုံးပြုပါတယ်။ ရွေးချယ်ထားတဲ့ နောက်တန်းကစားသမားတွေရဲ့အရည်အသွေးကို ခြေစမ်းပွဲတွေကစားပြီး ထပ်ပြီးရွေးချယ်သွားမှာပါ။
ATP – ဒီနှစ် နေရှင်နယ်လိဂ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ၂+၁ စနစ်ဟာ လက်ရွေးစင်အသင်းအတွက် အထောက်အကူပြုတယ်လို့ထင်လား။
ဒီစနစ်ကို လက်ရွေးစင်အသင်းနည်းပြတစ်ယောက်အနေနဲ့ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းကစားသမားတွေ အများအပြားပေါ်ထွက်လာရင် အသင်းအတွက်ရွေးချယ်စရာပိုများလာမှာပါ။
ATP- လာမယ့်လမှာ ယှဉ်ပြိုင်မယ့် စင်ကာပူအသင်းနဲ့ခြေစမ်းပွဲမှာ အနိုင်ရမယ်လို့မျှော်လင့်ထားလား။
ကျွန်တော့်အသင်းက ကစားသမားတွေရဲ့ အစွမ်းအစကို ယုံကြည်မှုရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း စင်ကာပူအသင်းက အသင်းကောင်းတစ်သင်းပါ။ ဂျာမနီလူမျိုးနည်းပြနဲ့ လေ့ကျင့်နေတဲ့အသင်းပါ။ ကျွန်တော်တို့ရည်မှန်းချက်က အကောင်းဆုံးကစားမယ်၊ နိုင်အောင်ချမယ် ဒါပါပဲ။
ATP – နည်းပြအနေနဲ့ ယူ-၁၉ အသင်းကို ကိုင်တွယ်ခဲ့တုန်းက ကမ္ဘာ့ဖလားထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့လို့ ပရိသတ်တွေကျေနပ်ရတယ်။ ဆူဇူကီးပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းနဲ့ မထင်မှတ်ထားတာတွေလုပ်ပြနိုင်ဦးမလား။
ယူ-၁၉ အသင်းကို ကိုင်တွယ်ခဲ့တဲ့နည်းစနစ်တွေအတိုင်းပဲ လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတာပါ။ တူညီတဲ့အားထုတ်မှုပေါ့။ လက်ရွေးစင်အသင်းမှာလည်း ယူ-၁၉ အသင်းက ကစားသမားတွေ ရွေးချယ်ထားပါတယ်။ အားသာချက်အနေနဲ့ ပြိုင်ပွဲမတိုင်ခင် ၃ လဆက်တိုက်လေ့ကျင့်ချိန်ရတာပါ။ အကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။
ATP – ဒဏ်ရာပြဿနာရှိနေတဲ့ ငြိမ်းချမ်းအောင်ကို ရွေးချယ်ထားတယ်။ စင်ကာပူနဲ့ပွဲမှာ သူ့ကိုအသုံးပြုနိုင်မှာလား။
အရမ်းစောလွန်းပါသေးတယ်။ ငြိမ်းချမ်းအောင်က ဘောလုံးနဲ့အခုမှ ပြန်ထိတွေ့တာပါ။ အပေါ့စားလေ့ကျင့်ခန်းတွေပဲလုပ်ခိုင်းထားပါတယ်။ စင်ကာပူနဲ့ပွဲမှာ မသုံးနိုင်သေးပါဘူး။
ATP- ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ကစားသမားတွေ ပဏာမစာရင်းမှာပါနေတာကို ဝေဖန်သံတွေကြားနေရတယ်။ အဲဒီအပေါ်ဘာပြောချင်လဲ။
ပဏာမလက်ရွေးစင်စာရင်းက စင်ကာပူမာလိုင်းယွန်းဖလားသွားပြိုင်ဖို့ ၂၀၁၅ ခုနှစ်က ရွေးချယ်ထားတဲ့လူစာရင်းပါ။ အပြီးသတ်တော့မဟုတ်သေးပါဘူး။ စင်ကာပူနဲ့ပွဲမတိုင်ခင်မှာ ပြန်လည်ရွေးချယ်ရဦးမှာပါ။ ခြေစွမ်းမပြနိုင်တဲ့သူတွေပြုတ်ပြီး ခြေစွမ်းပြနေတဲ့ကစားသမားတွေ ပါလာမှာပါ။ မတ်လ ၇ ရက်နေ့မှာ အပြီးသတ်လူစာရင်း ရွေးမှာပါ။
ATP – လက်ရှိလိဂ်မှာ ခြေစွမ်းပြနေတဲ့ သက်ကြီးကစားသမားတွေကိုရော ရွေးချယ်သွားဖို့အစီအစဉ်ရှိလား။
သီဟစည်သူနဲ့ အောင်မိုးတို့ ပုံစံကောင်းတွေရနေတာသိပါတယ်။ သူတို့ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။ ပဏာမစာရင်းက ကစားသမားတချို့လည်း ခြေစွမ်းမပြနိုင်တာတွေ တွေ့နေရပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး ရွေးချယ်သွားမှာပါ။
Photo: မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ (Getty Images)
Next : မစ်ဂျေလန်းကိုရှုံးနိမ့်ခဲ့ခြင်းမှာ မာဖီဥပဒေသအရဖြစ်ကြောင်း ဗန်ဟားဆို