အသင်းကြီးတွေ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကျွန်တော်တို့အဆင်သင့်ဖြစ်နေခဲ့လို့ နိုင်ပွဲတွေရခဲ့တာပါ (မစ္စတာဆီဗာဂျီနှင့် တွေ့ဆုံမေးမြန်းမှု)

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
aaaaa
Photo: ဟံသာဝတီအသင်း နည်းစနစ်ဒါရိုက်တာတစ်ဦးဖြစ်သူ မစ္စတာဆီဗာဂျီ (ATP)

Ooredoo MNL 2016 ရာသီမှာ ခြေစွမ်းတွေကောင်းမွန်နေပြီး အသင်းကြီးတွေကိုကျော်ဖြတ်ခဲ့တဲ့ ဟံသာဝတီအသင်းကို မြန်မာပရိသတ်တချို့က မြန်မာ လက်စတာအသင်းလို့ခေါ်နေကြပါပြီ။ ပြုပြင်မှုတွေ အများကြီးမလုပ်ထားတဲ့ အသင်းရဲ့ခြေစွမ်းဟာ မနှစ်ကထက် ပိုကောင်းလာတာ ဘာကြောင့်လဲ။ ဟံသာဝတီအသင်းရဲ့ နည်းစနစ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မစ္စတာဆီဗာဂျီကို ဟော်ရီဇွန်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ATP – ဟံသာဝတီအသင်းက ဒီနှစ်မှာ အရင်နှစ်တွေကထက် ခြေစွမ်းကောင်းမွန်ပြီး နိုင်ပွဲတွေဆက်နေတယ်။ ဘယ်လိုအချက်တွေကြောင့်လဲ။

SVG – ကျွန်တော်တို့ နိုဝင်ဘာလတုန်းက ယူနန်မှာ သွားကစားခဲ့တဲ့ပြိုင်ပွဲကြောင့်လို့ထင်ပါတယ်။ အဲ့ဒီမှာ ကစားသမားတွေက အတွေ့အကြုံတွေပိုရလာတယ်။ ယုံကြည်မှုတွေပိုရှိလာတယ်။ တခြားအချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ ကံကောင်းခြင်းပါပဲ။ ဒီနေ့ပွဲက ကျွန်တော်တို့အသင်း ကစားပုံကောင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ ဧရာဝတီအသင်းတွေကို အနိုင်ရခဲ့တာဟာ ကံကောင်းတာကြောင့်လည်းပါပါတယ်။

ATP – ဒီရာသီဝက်အပြီးမှာ အသင်းက ဘယ်အဆင့်လောက်မှာ ရှိရမယ်လို့ မျှော်လင့်ထားလဲ။

SVG – ကြီးကြီးမားမား မျှော်လင့်ချက်တွေမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက အသင်းက တန်းဆင်းဇုန်နားမှာရှိနေခဲ့တာ။ ဒီနှစ်မှာ အဲ့ဒီထက်သာတဲ့အဆင့်ရဖို့ပဲမျှော်လင့်ထားပါတယ်။

ATP – အခုလိုနိုင်ပွဲတွေဆက်နေခဲ့တဲ့အနေအထားမှာ အသင်းရဲ့ ဘယ်ကစားသမားတွေက မနှစ်ကထက် ခြေစွမ်းတိုးတက်မှုရှိလာတယ်လို့ထင်လဲ။

SVG – တစ်သင်းလုံးပါပဲ။ အသင်းသားအားလုံး အရင်ရှိနေတဲ့ တန်းတစ်ခုကနေ အကုန်လုံးဒီနှစ်မှာတိုးတက်လာတာကို မြင်ရမှာပါ။

ATP – မြန်မာဘောလုံးပရိသတ်တွေက အသင်းက မောင်မောင်လွင်ရဲ့ခြေစွမ်းကို သဘောကျနေတယ်။ သူ့အပေါ် သုံးသပ်ပေးပါဦး။

SVG – အနာဂတ်မှာ အလားအလာအများကြီးရှိတဲ့ လူငယ်ပါ။ လေ့ကျင့်ရေးအစီအစဉ်တွေမှာရော ကစားတဲ့အခါမှာပါ ကြိုးစားလေ့ရှိပြီး နာခံမှုရှိတဲ့ကစားသမားတစ်ယောက်ပါ။ လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံထားရတယ်ဆိုတော့ ပွဲအတွေ့အကြုံတွေပိုများလာရင် သူ့ခြေစွမ်းတိုးတက်လာမှာပါ။

ATP – အသင်းမှာရှိတဲ့ ပွဲထွက်ကစားသမားခြေစွမ်းနဲ့ အရန်ကစားသမားခြေစွမ်း ကွာဟမှုကရော ဒီရာသီမှာ ပြေလည်သွားပြီလား။

SVG – ဒီအချက်က အသင်းမှာ စိန်ခေါ်မှုကြီးတဲ့အချက်ပါ။ အခုရာသီမှာတော့ သူတို့ကြားက ကွာဟချက်တွေ ကျဉ်းမြောင်းလာပါပြီ။

ATP – အသင်းရဲ့လက်ရှိအောင်မြင်မှုကို ဆက်ထိန်းထားနိုင်မယ်ထင်လား။

SVG – ကျွန်တော်တို့အသင်းက အလယ်အလတ်အဆင့်မှာပဲရှိတဲ့အသင်းပါ။ အခုလိုနိုင်ပွဲတွေဆက်နေတာ အသင်းကြီးတွေ အဆင်သင့်မဖြစ်သေးတဲ့အနေအထားမှာ ဟံသာဝတီအသင်းက အဆင်သင့်ဖြစ်နေလို့ပါ။ ရန်ကုန်တို့၊ ဧရာဝတီတို့ ပုံမှန်ခြေစွမ်းရလာတဲ့အခါကျရင် ကျွန်တော်တို့ ရင်ဆိုင်ဖို့ခက်ခဲလာလိမ့်မယ်။ အသင်းမှာ အားသာချက်လို့ပြောစရာရှိတာက အငယ်တွေက အကြီးတွေရဲ့ပြောစကားကိုနားထောင်တယ်။ စည်းစည်းလုံးလုံးကစားတဲ့အချက်ကြောင့် အခုလိုအခြေအနေရောက်လာတာပါ။

အောင်သော်ဖြိုးမေးမြန်းသည်။

Photo: ဟံသာဝတီအသင်း နည်းစနစ်ဒါရိုက်တာတစ်ဦးဖြစ်သူ မစ္စတာဆီဗာဂျီ (ATP)

comments

error: Content is protected !!