လက်စတာရဲ့ချန်ပီယံသွေးသားကို စစ်ထုတ်ခြင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4

“ကျွန်တော်လမ်းလျှောက်နေတုန်း လူတော်တော်များများက စကားလာပြောတယ်။ သူက တခြားအသင်းပရိသတ်ဆိုပေမယ့် လက်စတာသာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် အရမ်းဝမ်းသာမယ်ဆိုပြီးလေ”လို့ လက်စတာနည်းပြ ရေနီယာရီက ပြန်ပြောင်းပြောပြပါတယ်။

မှန်ပါတယ်။ ခြွင်းချက်တချို့ရှိပေမယ့် ကျွန်တော်တို့လို ဘောလုံးပရိသတ်အများစုကတော့ လက်စတာအတွက် မုဒိတာပွားနေကြတယ် မဟုတ်လား။

ရာသီလက်ကျန် ၁၄ ပွဲကို အကောင်းဆုံးပုံစံနဲ့ သူတို့ကျော်ဖြတ်ပြီး အဆင့် ၁ ချိတ်ခဲ့ရင်တော့ လွန်ခဲ့တဲ့မျိုးဆက်တစ်ခုအကွာ ၁၉၉၂-၉၃ တုန်းက နောဝစ်ခ်ျတို့ လုပ်နိုင်ခဲ့လုနီးဖြစ်ခဲ့တဲ့နောက်ပိုင်း တသသပြောစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာပါတော့မယ်။

အခုဆိုရင် မစ်ဒ်လန့်စ်အရှေ့ပိုင်းဂျာစီကို နှစ်သက်သူတွေအများကြီး ပေါ်ပေါက်လာပြီ။ အဲဒါကတော့ လူ့သဘာဝအရ အားနည်းတဲ့အသင်းတွေကို ဖေးမစာနာပြီး ကရုဏာသက်တတ်တဲ့စိတ်ကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သူတို့အသင်းတိုက်စစ်မှူးရဲ့ အပျော်တမ်းလိဂ်ကစားသမားဘ၀ကနေ ရာသီအနည်းငယ်အတွင်းမှာ နိုင်ငံတကာဘောလုံးကြယ်ပွင့်ဖြစ်လာတဲ့ ဇာတ်လမ်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ပရီးမီးယားလိဂ်အသင်းကြီးတွေကို ကျော်ဖြတ်ပြီး လက်စတာ ချန်ပီယံဖြစ်သွားနိုင်တဲ့မျှော်လင့်ချက်ကို ဆက်ခိုင်မာစေမယ့် အကြောင်းအရာတွေက အများကြီးပါ။ အဲဒီအကြောင်းအချက်တွေထဲက တချို့ကတော့…

လမ်းကြောင်းသစ်ဖော်ပေးနိုင်တဲ့အသင်း
———————————————–
လက်စတာသာ ဖလားရခဲ့ရင် အသင်းတိုင်းအတွက် မျှော်လင့်ချက်အသစ်ဖြစ်လာနိုင်တယ်လို့ ဘီဘီစီအားကစားသုံးသပ်သူ ပတ်နီဗင်က ဆိုထားပါတယ်။

ပရီးမီးယားလိဂ်ဆိုတဲ့နာမည်နဲ့ ပြိုင်ပွဲစခဲ့ကတည်းက မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီးတို့လက်ကနေ ဖလားလုနိုင်ခဲ့တာ ဘလက်ဘန်းတစ်သင်းတည်းရှိပါတယ်။

အဲဒီနေရာမှာ နှိုင်းယှဉ်စရာဖြစ်လာတာက ချန်ပီယံဖြစ်ခဲ့တဲ့ ဘလက်ဘန်းဟာ ဂျက်ဝေါ်လ်ကာရဲ့ဓနတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး လက်စတာကတော့ ပေးဂိုးမရှိပွဲတွေအတွက် ကစားသမားတွေ ပီဇာစားရတာနဲ့ ရမှတ် ၄၀ ပြည့်လို့ ရှန်ပိန်သောက်အောင်ပွဲခံခွင့်ရတာတွေဖြစ်လို့ အခြေအနေချင်း အရမ်းကို ကွာခြားလွန်းပါတယ်။

ချဲလ်ဆီးတောင်ပံကစားသမားဟောင်း နီဗင်က လက်စတာချန်ပီယံဖြစ်ခဲ့ရင်လည်း အံ့သြမှုတွေ သူ့အပေါ်ပြုံကျလာမှာမဟုတ်ဘူးလို့ ဆိုထားသလို အဲဒီအောင်မြင်မှုက ဘယ်အသင်းမဆို ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ အပြောင်းအလဲတစ်ရပ်ရဲ့အစဖြစ်လာမယ်လို့ သုံးသပ်ထားပါတယ်။

“ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်နိုင်မယ့်အသင်းက ၃-၄ သင်းပဲရှိခဲ့တယ်။ တခြားအသင်းဆိုတာ မရှိခဲ့ဘူး။ ဒါပေမဲ့ လက်စတာချန်ပီယံဖြစ်ရင် အားလုံးအတွက် မျှော်လင့်ချက်ပေးနိုင်မယ်”

ကလော်ဒီယိုရေနီယာရီရောက်ရှိလာခြင်း
————————————————-
နွေရာသီတုန်းက ရေနီယာရီကို ခန့်အပ်လိုက်တာကို အားလုံးသံသယ၀င်ခဲ့ကြတာကိုတော့ ၀န်ခံရပါလိမ့်မယ်။ ဂယ်ရီလိုင်နီကာကတော့ သူ့တွစ်တာအကောင့်မှာ “ကလော်ဒီယိုရေနီယာရီတဲ့လား။ တကယ်ကြီးလား”လို့ အဓိပ္ပာယ်ရတဲ့စာသားကို ရေးတင်ခဲ့ဖူးပါတယ်။

အသင်းကစားကွက်ကို စမ်းသပ်မှုတွေ တစ်ပွဲပြီးတစ်ပွဲလုပ်တတ်လို့ The Tinkerman လို့နာမည်ကြီးတဲ့ ဒီအီတလီနည်းပြက လက်စတာလိုအသင်းကို ဘယ်လိုပုံစံမျိုးနဲ့ ပရီးမီးယားလိဂ်မှာ ဖောက်ထွက်စေခဲ့တာပါလဲ။

“ရေနီယာရီလုပ်ခဲ့တာတွေက ထူးခြားလွန်းနေတဲ့အတွက် မကြာခဏဆိုသလို သူ့ကိုလျစ်လျူရှုခံရတယ်လို့ ကျွန်တော်ထင်တယ်။ သူ့ရဲ့တချို့လုပ်နည်းလုပ်ဟန်တွေက နည်းစနစ်ပိုင်းအတွက် တော်တော်အထောက်အကူဖြစ်တယ်။ အသင်းကောင်းတစ်သင်းတည်ဆောက်ဖို့ သူ့မှာ ကစားသမားကောင်းတွေရှိတယ်။ အခုသူတည်ဆောက်ထားတဲ့အသင်းကောင်းအတွက် အရေးပါတာကတော့ ကစားသမားတွေရဲ့လုပ်နိုင်စွမ်းကိုနားလည်ပြီး နည်းဗျူဟာမြောက်ပွဲထုတ်တတ်တဲ့အချက်ပါပဲ။ သူနည်းပြဖြစ်လာတယ်၊ ဘယ်လိုပုံစံက အကောင်းဆုံးဖြစ်မလဲကြည့်တယ်၊ ပြီးတော့ သေနတ်ဆုံလည်ထဲကို ကျည်ဆန်ထည့်လိုက်သလို အံဝင်ခွင်ကျဖြစ်အောင် စေစားလိုက်တာပါပဲ”လို့ လိုင်နီကာက ဖွင့်ဟခဲ့ပါတယ်။

အခုအချိန်မှာတော့ လိုင်နီကာက လက်စတာသာ ချန်ပီယံဖြစ်ခဲ့ရင် နောက်ရာသီပရီးမီးယားလိဂ်ပထမဆုံးနေ့မှာ အတွင်းခံဘောင်းဘီပဲဝတ်ပြီး ဘောလုံးပွဲတွေ သုံးသပ်မယ်ဆိုတဲ့အထိ အမြင်ပြောင်းသွားပါတယ်။

ဘောလုံးပိုင်ဆိုင်မှုနည်းပေမယ့် နိုင်ခဲ့တယ်
————————————————–
လူးဝစ်ဗန်ဟားလ်က ဒီရာသီလက်စတာရဲ့အောင်မြင်မှုဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးမယူခြင်းဆိုတဲ့ ဒဿနကိုအခြေခံတယ်လို့ ဆိုထားပါတယ်။

လက်စတာဟာ တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ကြိုးပမ်းမှု ၁၃ ကြိမ်အထိ အများဆုံးရှိခဲ့ပြီး ၅ ဂိုးရခဲ့ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းခွင့်တွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ ၁၈ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပါတယ်။

ဒီရာသီပရီးမီးယားလိဂ်နိုင်ပွဲ ၁၄ ပွဲမှာလည်း ၁၃ ပွဲက ပြိုင်ဘက်အသင်းထက် ဘောလုံးပိုင်ဆိုင်မှုနည်းခဲ့ပြီး သြဂုတ်လတုန်းက ၀က်စ်ဟမ်းကို ၂-၁ နဲ့နိုင်ခဲ့ရာမှာ ၃၀ ရာခိုင်နှုန်းပဲရှိခဲ့သလို လီဗာပူးကို စနေနေ့ကနိုင်ခဲ့တုန်းကလည်း ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။

“သူတို့ကစားဟန်နဲ့ တန်ပြန်တိုက်စစ်ဆင်ပုံက အံ့မခန်းပါပဲ။ ဒါ့အပြင် ဖိအားပေးရမယ့်အချိန်မှာ ညှစ်ထုတ်နိုင်တဲ့စွမ်းအားကလည်း ပြောင်မြောက်လွန်းပါတယ်။ ကိုယ့်ရဲ့အကောင်းဆုံးလက်နက်တွေက လျင်မြန်တဲ့ကစားသမားတွေဖြစ်နေမှတော့ ဘောလုံးပိုင်ဆိုင်ခွင့်သာနေလည်း ဘာမှထူးခြားမှာမဟုတ်ပါဘူး။ တစ်သင်းလုံးတက်ပြီး တိုက်စစ်ဆင်နေရင် နောက်တန်းမှာ ဟာကွက်တွေပေါ်သွားနိုင်ပါတယ်”လို့ နီဗင်က ဖြည့်စွက်သုံးသပ်ထားပါတယ်။

ဘောလုံးပွဲကြေညာသူတွေကိုတောင် မျောသွားစေတဲ့အသင်း
———————————————————————–
“အရမ်းမိုက်လွန်းပါတယ်ဗျာ”လို့ ဘီဘီစီရေဒီယိုက ဘောလုံးပွဲကြေညာသူ အီယန်စထရင်ဂျာက လီဗာပူးကို နိုင်တဲ့ပွဲမှာ ဗာဒီရဲ့သွင်းဂိုးကိုတွေ့ပြီးနောက် ပြောလိုက်ပါတယ်။ “ဒီလိုဂိုးမျိုးဆိုတာက ချန်ပီယံဖြစ်မယ့်အသင်းမျိုးမှ သွင်းနိုင်တဲ့ဂိုးမျိုးပါ”

သူက ဒီလောက်နဲ့မပြီးသေးပါဘူး။ “ပြန်ကြည့်လိုက်၊ ပြန်ကြည့်လိုက်၊ ပြန်ကြည့်လိုက်”ဆိုပြီး ထပ်ပြောနေလိုက်ပုံများကတော့ ရေဒီယိုအစီအစဉ်ကြေညာနေတယ်ဆိုတာကို သူကိုယ်တိုင်မေ့သွားလောက်တဲ့အထိ လက်စတာရဲ့ဒီရာသီခြေစွမ်းက အားလုံးကို မျောသွားစေပါတယ်။

ချန်ပီယံတကယ်ဖြစ်နိုင်တဲ့ အချက် ၅ ချက်
—————————————————-
ဘီဘီစီရေဒီယိုလက်စတာရဲ့ အားကစားအယ်ဒီတာ ဂျေဆင်ဘွန်းက လက်စတာချန်ပီယံဖြစ်သွားနိုင်တဲ့အချက်တွေကို အခုလို စစ်ထုတ်သုံးသပ်ထားပါတယ်။
၁ – အနိုင်ရလိုစိတ်
ပရီးမီးယားလိဂ်ရဲ့ ဒီရာသီမှာ ဒီအသင်းက ၂ ပွဲပဲ ရှုံးထားပါတယ်။ အသင်းကောင်းတွေကိုလည်း လွယ်လွယ်ကူကူနဲ့ ချေမှုန်းထားပြီး ထိပ်တန်း ၄ သင်းစာရင်းဝင် ခြေစွမ်းမျိုး ပြသနေပါတယ်။ အဲဒီအဆင့်ထက်လည်း ပိုနိုင်ပါတယ်။
၂ – ကစားဟန်
ကျွမ်းကျင်မှု၊ ပရိယာယ်ကြွယ်မှုတွေနဲ့အတူ ဆွဲဆောင်နိုင်တဲ့ ကစားဟန်နဲ့ သူတို့အသင်းကစားနေတာက ကြည့်ကောင်းသလို လက်စတာရဲ့ခြေစွမ်းက ဒီရာသီအတွက် ကမ္ဘာတစ်လွှားက အကောင်းဆုံးအသင်းစာရင်းဝင်နေပါတယ်။
၃ – ကလော်ဒီယိုရေနီယာရီ
နီဂယ်လ်ပီယာဆင်လက်ကနေ ဒီအသင်းကို သူလက်လွှဲယူခဲ့တုန်းက အပြောင်းအလဲကြီးကြီးမားမားမလုပ်ခဲ့ပေမယ့် အခုဆိုရင်တော့ လက်စတာဆိုတဲ့ သူ့အသင်းက အောင်မြင်မှုလမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ။ အမှန်တော့ ဒီရာသီမှာ ပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ဘောလုံးကျွမ်းကျင်သူတွေက သူ့ကိုထိပ်ဆုံးမှာထားခဲ့ကြတာပါ။ လူတော်တော်များများရဲ့အထင်တွေ မှားယွင်းကြောင်း သူသက်သေပြခဲ့ပါပြီ။
၎ – ပရိသတ်
ကင်းပါဝါကွင်းမှာ ပရိသတ်ရဲ့အားပေးမှုက လက်ဖျားခါလောက်ပါတယ်။ သူတို့အသံတွေက ကစားသမားတွေရဲ့အသွေးအသားထဲကို စီးဝင်ပြီး အားအင်ဖြစ်စေတယ်။ ၁၂ ယောက်မြောက်ကစားသမားဆိုတာ အမှန်ပါပဲ။ အဲဒီလို အားပေးသံတွေနဲ့ အ၀တ်လဲခန်းဥမင်ထဲကနေ ကွင်းထဲထွက်ရမယ်ဆိုရင်တော့ ဘယ်ကစားသမားအတွက်မဆို အမြင့်ဆုံးခွန်အားဖြစ်လာမှာ အမှန်ပါပဲ။
၅ – တစ်သင်းလုံးခြေစွမ်းကောင်းမှု
တစ်သင်းလုံးက ခြေစွမ်းကောင်းနေပါတယ်။ အဓိကအချက်ကတော့ လက်စတာက ခြေစွမ်းကောင်းတယ်။ တခြားအသင်းတွေကို ကျော်ဖြတ်နိုင်တဲ့ စိတ်အားထက်သန်မှုနဲ့ ခွန်အားရှိတဲ့အပြင် အသင်းမှာလည်း ကစားသမားကောင်းတွေရှိတယ်။ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် ကစားသမားအားလုံး ကောင်းတယ်။ အသင်းကောင်း၊ ကစားသမားကောင်းတွေဖြစ်နေမှတော့ ဒီရာသီမှာ သမိုင်းတွင်အောင် လုပ်နိုင်မှာပါ။

comments

error: Content is protected !!