ချန်ပီယံလိဂ်လူစာရင်းမှ ချဲလ်ဆီးတိုက်စစ်မှူးဖယ်လ်ကာအို ချန်လှပ်ခံရ
|
ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်များအတွက် ချဲလ်ဆီးအသင်းမှ ကစားသမား ၂၅ ယောက်စာရင်းထုတ်ပြန်ခဲ့ရာ တိုက်စစ်မှူးဖယ်လ်ကာအိုမှာ လူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။
ပေါင်ခြံဒဏ်ရာကြောင့် အောက်တိုဘာလကတည်းက အနားယူနေရသော ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူးဖယ်ကာအိုနေရာတွင် အငှားစာချုပ်ဖြင့် ခေါ်ယူထားသော တိုက်စစ်မှူးသစ်ပါတိုဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးမှာ ၂၀၁၅ ဇူလိုင်လတွင် မိုနာကိုမှ ချဲလ်ဆီးသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁ ပွဲသာကစားခွင့်ရရှိထားသူဖြစ်သည်။
အေစီမီလန်အသင်းတွင်ကစားခဲ့ဖူးသော အသက် ၂၆ နှစ်အရွယ်ရှိပါတိုသည် ကိုရင်သီယန်အသင်းမှချဲလ်ဆီးအသင်းသို့ ၆လ အငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ချဲလ်ဆီးနည်းပြဟစ်ဒင့်သည် နယူးယောက်ရက်ဘူးလ်မှ ၄နှစ်ခွဲစာချုပ်ဖြင့် အသစ်ခေါ်ယူထားသော အမေရိကန်နိုင်ငံသား လူငယ်ခံစစ်မှူးမတ်မီရက်ဇ်ဂါကိုလည်း ပရီးမီးယားလိဂ်ဒုတိယရာသီဝက်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားသမားစာရင်းတို့တွင်ထည့်သွင်းခဲ့ကြောင်း သိရသည်။
ဆက်စပ်သတင်းများအရ မန်စီးတီးအသင်း၏ ချန်ပီယံလိဂ်ကစားသမားစာရင်းတွင်လည်း နာဆရီ၏နေရာတွင် အသက် ၁၉ နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဟီယာနာချိုကို ပြောင်းလဲထည့်သွင်းထားကြောင်း နည်းပြပယ်လီဂရီနီက တနင်္လာနေ့ကထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၂၈ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ကစားသမားနာဆရီသည် ပြီးခဲ့သည့်နိုဝင်ဘာလတွင် ခွဲစိတ်ကုသမှုခံခဲ့ရသော အရွတ်နှင့် တံကောက်ကြောဒဏ်ရာများကြောင့် အနည်းဆုံး ၂ လခန့် အနားယူရဦးမည်ဖြစ်သည်။
အာဆင်နယ်အသင်းသည်လည်း ကစားသမားစာရင်းတွင် ဘော်ဒိုးအသင်းသို့ ရာသီကုန်အထိအငှားဖြင့်သွားရောက်ကစားရမည့် နောက်ခံလူဒီဘူချီ၏နေရာတွင် အသစ်ခေါ်ယူထားသော အီဂျစ်ကွင်းလယ်လူ မိုဟာမက်အယ်လ်နီနီဖြင့် အစားထိုးဖွယ်ရှိနေကြောင်း သိရသည်။
Photo: ချန်ပီယံလိဂ်လူစာရင်းမှ ချန်လှပ်ခံခဲ့ရသော တိုက်စစ်မှူးဖယ်လ်ကာအို (Getty Images)
Next : လက်စတာရဲ့ချန်ပီယံသွေးသားကို စစ်ထုတ်ခြင်း