ကမ္ဘာ့အဆင့်တိုက်စစ်မှူး မခေါ်ယူမှုအတွက် ဝေဖန်သူများကို အာစင်ဝင်းဂါးတုံ့ပြန်
|
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတိုက်စစ်ကျဆင်းနေသော်လည်း ဇန်န၀ါရီကာလတွင် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးမခေါ်ယူခဲ့ခြင်းအတွက် ဝေဖန်မှုများအား ပြန်လည်တုံ့ပြန်ပြောကြားလိုက်သည်။
အာဆင်နယ်မှာ ယမန်နေ့ညက ဆောက်သမ်တန်နှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ဝေးကွာနေသည့် ပရီးမီးယားလိဂ်ဖလားအရယူနိုင်ရန်ကြိုးပမ်းရာတွင် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် မဖြစ်မနေလိုအပ်သည်ဟူသော ဝေဖန်မှုများ ပိုမိုပေါ်ထွက်လာခဲ့သည်။
သို့သော် အဆိုပါပွဲသရေကျမှုကြောင့် အဆင့် ၄ နေရာရောက်သွားကာ ဦးဆောင်သူလက်စတာနှင့် ၅ မှတ်ကွာဟသွားသည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက”ကျွန်တော်တို့အသင်းကို အင်အားတောင့်တင်းအောင်လုပ်ပေးနိုင်မယ့် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်တွေ့ခဲ့ရင် ကျွန်တော့်ကိုပြောပါ။ အဲဒီလိုကစားသမားတွေက လမ်းတကာလျှောက်သွားပြီး ကျွန်တော်က ကမ္ဘာ့အဆင့်တိုက်စစ်မှူးပါလို့ ပြောနေမှာမဟုတ်ဘူး။ သူတို့အားလုံးက အသင်းကြီးတွေမှာ စာချုပ်ချုပ်ပြီး ကစားနေကြတာပါ။ ကျွန်တော်တို့ အသင်းမှာ ၀ဲလ်ကော့၊ ဂီရော့ဒ်၊ အိုဇဲလ်၊ ဆန်းချက်ဇ်နဲ့ ဒဏ်ရာသက်သာပြီး ပြန်ကစားတော့မယ် ၀ဲလ်ဘက်ရှိတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ဘယ်လိုတိုက်စစ်မှူးဝင်လာလာ ကျွန်တော်တို့အသင်းအတွက် ဂိုးသွင်းပြီး အံ့သြစရာတွေ လုပ်ပြပေးနိုင်မယ်မထင်ဘူး။ အသင်းလိုက်အနေနဲ့တော့ ဂိုးတွေသွင်းနိုင်တာပဲ”ဟု ပြောကြားခဲ့သည်။
အာဆင်နယ်မှာ လက်ရှိအချိန်တွင် တိုက်စစ်စွမ်းရည်ကျဆင်းနေပြီး နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ၃ ပွဲတွင် တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိချေ။
Next : မြန်မာ ယူ-၁၉ နည်းပြအဖြစ် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဟု ဦးမျိုးလှိုင်ဝင်းဆို