အော်ရီဒူးမြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၄ ပွဲကြိုသုံးသပ်ချက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4

အောင်သော်ဖြိုး။
ဇန်န၀ါရီ ၂၉။

ဧရာဝတီ – ရန်ကုန် (၂၉-၁-၂၀၁၆) ပုသိမ်မြို့ ကျောက်တိုင်ကွင်း ညနေ ၃:၃ဝ (Live on MRTV and For Sports)

ဒီရာသီမှာ ရလဒ်ဆိုးရွားနေတဲ့ အသင်းကြီး ၂ သင်းရဲ့တွေ့ဆုံမှုဟာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အိမ်ရှင်ဧရာဝတီက ၃ ပွဲကစားပြီးတဲ့အထိ ရမှတ်မရသေးတာကြောင့် အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကျေနပ်မှုရအောင် စွမ်းဆောင်နိုင်ဖို့လိုနေပါပြီ။ ပြိုင်ဘက်ရန်ကုန်ကလည်း ၃ ပွဲကန် ရမှတ် ၁ မှတ်သာရရှိထားပါတယ်။ ကျောက်တိုင်ကွင်းမှာယှဉ်ပြိုင်တဲ့ ရန်ကုန်-ဧရာဝတီအသင်းတို့ တွေ့ဆုံမှုတိုင်းဟာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတာကြောင့် ဒီနေ့ပွဲဟာလည်း ပရိသတ်အကြိုက်ပွဲတစ်ပွဲဖြစ်လာမှာပါ။  ရန်ကုန်အသင်းရဲ့နည်းပြဟာ တစ်ချိန်က ဧရာဝတီကို အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခုရာသီမှ လမ်းခွဲခဲ့တဲ့ နည်းပြမာယန်ဖြစ်နေတာကလည်း ဒီပွဲရဲ့ စိတ်ဝင်စားဖွယ်အချက်တစ်ချက်ဖြစ်နေခဲ့ပါတယ်။ မာယန်ကပဲ အသင်းဟောင်းကို ကျော်ဖြတ်အနိုင်ယူသွားမလား။ ဧရာဝတီအသင်းကပဲ အိမ်ရှင်ပရိသတ်ကို ပျော်ရွှင်မှုပေးနိုင်မလားဆိုတာ ဒီပွဲကို MRTV ကနေ တိုက်ရိုက်ပြသမှာဖြစ်လို့ မြန်မာဘောလုံးပရိသတ်တွေစောင့်ကြည့်နိုင်ပါတယ်။

ချင်းယူနိုက်တက် – ဟံသာဝတီ (၃ဝ-၁-၂၀၁၆) အောင်ဆန်းကွင်း၊ ညနေ ၄ နာရီ

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ မှာ အသင်းကြီးတွေကို အနိုင်ရထားတဲ့ အသင်း ၂ သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပါ။ ချင်းယူနိုက်တက်က MNL အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကလွဲပြီး ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံရှိနေပြီး ၂ ပွဲဆက် နိုင်ပွဲရနေတဲ့ မကွေးအသင်းကို အနိုင်ရခဲ့တဲ့အသင်းပါ။ ဟံသာဝတီအသင်းက ဒီဘောလုံးရာသီမှာ ခြေစွမ်းအထူးကောင်းမွန်လာတဲ့အသင်း ၁ သင်းဖြစ်ပြီး အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်တာကြောင့် ဒီပွဲဟာလည်း ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲစဉ်ဖြစ်လာမှာပါ။ ဒီပွဲမှာ ချင်းယူနိုက်တက်က အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့သလို ဟံသာဝတီအသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်သွားနိုင်မလား၊ ဟံသာဝတီအသင်းကပဲ သူတို့ရဲ့ ကျစ်လစ်တဲ့ ကစားဟန် နဲ့ ချင်းယူနိုက်တက်ကို အနိုင်ယူသွားမလား စိတ်ဝင်စားစရာပါ။

ရတနာပုံ – ရခိုင်ယူနိုက်တက် ၃၀-၁-၂၀၁၆ ၊ဗထူးကွင်း၊ (ညနေ ၄နာရီ)

အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ရတနာပုံအသင်းက အိမ်ကွင်းပရိသတ်ရှေ့မှာ ရခိုင်အသင်း နဲ့ယှဉ်ပြိုင်ရမှာပါ။ ရခိုင်အသင်းက ပြီးခဲ့တဲ့ပွဲစဉ်က ဇွဲကပင်အသင်း ကိုရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့ ကစားပုံဟာလည်း အားနည်းချက်တွေများနေတာကြောင့် ရတနာပုံအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာပါ။ ရှုံးပွဲမရှိသေးတဲ့ ရတနာပုံအသင်းကပဲ အနိုင် ၃ မှတ်ရယူနိုင်မလား။ ရခိုင်အသင်းကပဲ အသင်းအတွက် အဖိုးတန်ရမှတ်တွေကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဇွဲကပင် – ဆောက်သမ်း၊  ၃၀-၁-၂၀၁၆၊  အောင်ဆန်း၊  (ညနေ ၄နာရီ)

ပြီးခဲ့တဲ့ ဘောလုံးရာသီထက် စုဖွဲ့မှုပိုကောင်းလာတဲ့ ဇွဲကပင်အသင်း နဲ့ ဒီရာသီမှတန်းပြန်တက်လာတဲ့ ဆောက်သမ်းမြန်မာတို့ တွေ့ဆုံကြမယ့်ပွဲပါ။  ပြည်တွင်းကစားသမားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ဆောက်သမ်းအသင်း သုံးပွဲကစားရမှတ်မရသေးဘဲ နောက်တန်းက ပေးဂိုး ကိုးဂိုးအထိပေးထားပါတယ်။ အောင်မိုး၊ ကိဒ်တို့လို ရုန်းအားကောင်းတဲ့ ကစားသမားတွေပါဝင်လာမယ့် ဇွဲကပင်အသင်းကို ဆောက်သမ်းမြန်မာ အနိုင်ရဖို့မလွယ်ဘူးလို့ ယူဆမိပါတယ်။

ဇေယျာရွှေမြေ – ရှမ်းယူနိုက်တက်၊ ၃၁-၁-၂၀၁၆ ၊ မုံရွာကွင်း (ညနေ ၃း၃၀)

၂၀၁၆ ဘောလုံးရာသီ ၃ ပွဲကစားပြီးချိန်အထိ  ရှုံးပွဲမရှိသေးတဲ့ အသင်း ၂ သင်းရဲ့တွေ့ဆုံမှုပါ။ အိမ်ကွင်းပထမပွဲမှာ ရခိုင်အသင်းကို သရေရလဒ်ထွက်ပေါ်ထားတဲ့  အိမ်ရှင်ဇေယျာရွှေမြေအသင်းရဲ့ အိမ်ကွင်း ဒုတိယပွဲစဉ် မှာ ဒီရာသီ ပြင်ဆင်မှုတွေ အများအပြားပြုလုပ်ထားတဲ့ ရှမ်းယူနိုက်တက်ကို အနိုင်ရနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဇေယျာရွေမြေအသင်း အိမ်ရှင်အားသာချက်ရှိပေမယ့် ကစားသမားအင်အားပိုသာလွန်တဲ့ ရှမ်းယူနိုက်တက်အသင်းကို သရေ ၁ မှတ်အတွက် ဦးစားပေးကစားသွားမယ်လို့မြင်ပါတယ်။

Horizon – မကွေး၊ ၃၁-၁-၂၀၁၆ ၊ သုဝဏ္ဏ။ (ညနေ ၄နာရီ)

ရာသီအစ ၂ ပွဲမှာ ရန်ကုန်၊ ဧရာဝတီတို့ကို အနိုင်ရပြီး ဇယားထိပ်ပိုင်းမှာဦးဆောင်ခဲ့တဲ့ မကွေးအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ် ၃ မှာ ချင်းယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပါတယ်။ Horizon ကလည်း တန်းတက်အသင်းတစ်သင်းဖြစ်ပေမယ့် အသင်းကစားကွက် ကောင်းမွန်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ရတနာပုံအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးသွင်းခွင့်အများအပြား ပြုလုပ်နိုင်ခဲ့လို့ Horizon အသင်းကိုလည်း လျှော့တွက်လို့မရပါဘူး။ အသင်းငယ်တွေနဲ့တွေ့ရင် ခြေစွမ်းကျဆင်းတတ်တဲ့ မကွေးအသင်း ဒီပွဲစဉ်မှာ အနိုင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

comments

error: Content is protected !!