ကော်စတာ၏ စိတ်ဆွကစားမှုကို သတိထားရမည်ဟု နောက်ခံလူများကို အာစင်ဝင်းဂါး သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပထမအကျော့တွေ့ဆုံစဉ်က ကော်စတာနှင့်ထိပ်တိုက်တွေ့ခဲ့သည့် ဂါဘရီရယ်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချဲလ်ဆီးနှင့်ကစားရမည့် တနင်္ဂနွေနေ့ပွဲစဉ်တွင် ပြိုင်ဘက်တိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ စိတ်ဆွကစားမှုကို သတိထားရန် အာဆင်နယ်နောက်ခံလူများကို သတိပေးလိုက်သည်။

ကော်စတာမှာ အဲဗာတန်နှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်ရရှိခဲ့သော ညို့သကျည်းပွန်းပဲ့ဒဏ်ရာမှ ပြန်လည်သက်သာလာစေရန် ဗုဒ္ဓဟူးနေ့က တစ်ဦးတည်းလေ့ကျင့်ခန်းပြန်ဆင်းနေပြီး ထိုကစားသမားမှာ စက်တင်ဘာလက ကစားခဲ့သည့် အာဆင်နယ်ကို ၂ ဂိုးပြတ်အနိုင်ရခဲ့သောပွဲစဉ်၌ ချဲလ်ဆီးအနိုင်ရခဲ့ရာတွင် စိတ်ဆွကစားမှုဖြင့် အာဆင်နယ်နောက်ခံလူများကို ဒုက္ခပေးခဲ့သဖြင့် ၀င်းဂါးက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

ထိုပွဲစဉ်တွင် အာဆင်နယ်ဗဟိုခံစစ်မှူး ဂါဘရီရယ်မှာ ကော်စတာနှင့်ထိပ်တိုက်တွေ့ခဲ့ပြီး အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ကော်စတာမှာလည်း ပွဲအပြီးစုံစမ်းစစ်ဆေးမှုများအရ ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ထို့ကြောင့် စပိန်လက်ရွေးစင်တိုက်စစ်မှူးကော်စတာ ပြန်လည်ပါဝင်လာဖွယ်ရှိနေသည့် ယခုပွဲစဉ်အတွက် အာစင်ဝင်းဂါးက”ကော်စတာက စိတ်ဆွကစားလာနိုင်တဲ့အတွက် ပြင်ဆင်ထားရပါမယ်။ ကျန်တာကတော့ ဒိုင်လူကြီးအဆုံးအဖြတ်နဲ့ပဲ ဆိုင်ပါတယ်။ ကစားကွက်ကောင်းဖို့ပဲ အာရုံစိုက်ထားရမယ်။ ကော်စတာ့ကိုတော့ နည်းနည်းပဲအာရုံစိုက်ထားရမယ်”ဟု တိုက်တွန်းခဲ့သည်။

နောက်ဆုံးသိရှိရသောသတင်းများအရ ချဲလ်ဆီးတွင် ဟာဇက်ပြန်လည်ပါဝင်လာနိုင်ပြီး အာဆင်နယ်တွင်လည်း အိုဇဲလ်နှင့် ဆန်းချက်ဇ်တို့မှာ ကြံ့ခိုင်မှုအပြည့်ရနေပြီဟု သိရှိရသည်။

comments

error: Content is protected !!