လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်၂ ပွဲဆက်အရှုံးက ရုန်းထွက်နိုင်မလား စောင့်ကြည့်ရမယ့် Ooredoo MNL 2016 ပွဲစဉ် ၃

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၂ ပွဲဆက်အရှုံးမှ ရုန်းထွက်ရန်ကြိုးစားရမည့် ရန်ကုန်ယူနိုက်တက်ကစားသမားများ

ရှမ်းယူနိုက်တက် – ရန်ကုန်ယူနိုက်တက် ( ၂၃-၁-၂၀၁၆) (ညနေ ၃နာရီ ၃ဝမိနစ်) (တောင်ကြီးကွင်း)
———————————————————————————–
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၃ ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမယ့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ဒီနှစ်ဘောလုံးရာသီမှာ ပြင်ဆင်မှုအများဆုံးပြုလုပ်ထားတဲ့ အသင်းနှစ်သင်းဖြစ်သလို ခြေစွမ်းကွာဟမှုမရှိတဲ့ အသင်းတွေဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်က ၂ ပွဲဆက်ရှုံးနိမ့်ထားတဲ့အတွက် အခုပွဲစဉ်မှာ အနိုင် ၃ မှတ်လိုအပ်နေသလို ရှမ်းယူနိုက်တက်ကလည်း ဆောက်သမ်းမြန်မာကို ဂိုးပြတ်အနိုင်ရထားလို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးတွင်ရှိနေတဲ့အတွက် ဒီပွဲမှာ ၂ ပွဲဆက်အရှုံးကနေ လက်ရှိချန်ပီယံ ရုန်းထွက်နိုင်မလား ဒါမှမဟုတ်  အိမ်ရှင်ရှမ်းယူနိုက်တက်က ၂၀၁၆ ဘောလုံးရာသီအဖွင့်ပွဲမှာ အိမ်ရှင်ပရိသတ်စိတ်ပျက်ခဲ့တဲ့ သရေရလဒ်အတွက် ပရိသတ်ကို ပျော်ရွှင်မှုပြန်ပေးနိုင်မလား စောင့်ကြည့်ရမှာပါ။

ဧရာဝတီယူနိုက်တက် – ဟံသာဝတီယူနိုက်တက် (၂၃-၁-၂၀၁၆) (ညနေ ၃နာရီ၃ဝမိနစ်) (ပုသိမ်ကွင်း)
———————————————————————————–
ဟံသာဝတီယူနိုက်တက်လို့ဆိုလိုက်ရင် ဒီနှစ်ရာသီအဖွင့်ပွဲ ၂ ပွဲမှာ အသင်းကြီးနှစ်သင်းနဲ့တွေ့ဆုံထားပြီး ၂ ပွဲလုံး အမှတ်ရအောင် စွမ်းဆောင်ထားနိုင်ပြီး ကစားပုံမာတဲ့ အသင်းတစ်သင်းကို မြင်မိမှာပါ။ ဧရာဝတီယူနိုက်တက်ကလည်း ရာသီအဖွင့်မှာပဲ ရတနာပုံ၊ မကွေးလို အသင်းတွေနဲ့တွေ့ဆုံထားပြီး  ရမှတ်မရသေးတဲ့အသင်းဖြစ်တာကြောင့် ဟံသာဝတီကပဲ အဝေးကွင်းမှာ ရမှတ်ရအောင်စွမ်းဆောင်နိုင်မလား၊ ဧရာဝတီယူနိုက်တက်ကပဲ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံပြသနိုင်မလား စိတ်ဝင်စားစရာပါ။

ဟော်ရီဇွန် – ရတနာပုံ (၂၃-၁-၂၀၁၆) (ညနေ ၄နာရီ) (အောင်ဆန်းကွင်း)
———————————————————————————–
ဟော်ရီဇွန်က ပွဲစဉ် ၂ တုန်းမှာ ဇွဲကပင်ကို အကောင်းဆုံးပုံစံနဲ့ အနိုင်ရလဒ်ရယူထားနိုင်တဲ့အသင်းဖြစ်လို့ ဒီပွဲစဉ်မှာလည်း အနည်းဆုံး ၁ မှတ်ရဖို့ ကြိုးစားရမှာပါ။ ရတနာပုံကလည်း ချင်းယူနိုက်တက်နဲ့ပွဲစဉ်မှာ ၁ မှတ်သာရထားတဲ့အတွက် ဒီပွဲကိုအနိုင် ၃ မှတ်အတွက် အကောင်းဆုံးပြင်ဆင်လာမှာဖြစ်လို့ ဒီပွဲစဉ်မှာ တန်းတက်အသင်းကပဲ မထင်မှတ်တာတွေလုပ်ပြနိုင်မလား၊ ရတနာပုံအသင်းကပဲ အသင်းကြီး နိုင်ပွဲရအောင်စွမ်းဆောင်နိုင်မလားဆိုတာ ကြည့်ရှုရမှာပါ။

ဆောက်သမ်းမြန်မာ – ဇေယျာရွှေမြေ   (၂၃-၁-၂၀၁၆) (ညနေ ၃နာရီ၃ဝမိနစ်) (Y.T.C)
———————————————————————————–
ဒီရာသီမှာ ပြည်တွင်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ဆောက်သမ်းမြန်မာက ရမှတ်မရသေးပါဘူး။ ဇေယျာရွှေမြေကလည်း ၂ ပွဲကို ၄မှတ်ရရှိထားတဲ့အသင်းဖြစ်တာကြောင့် ဒီပွဲမှာ နိုင်ငံခြားသားကစားသမားတွေပါတဲ့ ဇေယျာရွှေမြေက အနိုင်ရသွားမလား၊ ပြည်တွင်းကစားသမားတွေနဲ့ ဆောက်သမ်းမြန်မာအသင်းက အနိုင်ယူသွားမလားဆိုတာ မြက်ခင်းစိမ်းထက်က ဗျူဟာတိုက်ပွဲအသွင်နဲ့ မြင်တွေ့ရတော့မှာပါ။

comments

error: Content is protected !!