မန်ယူကိုရင်ဆိုင်ဖို့ လီဗာပူးအတွက် ကြောက်ရွံ့စရာဘာမှမရှိဘူး (ဒန်နီမာဖီ)

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
3

ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့အတွက် လီဗာပူးအတွက် အခြေအနေဆိုးနေတာမှန်ပေမယ့် မန်ယူနဲ့ကစားမယ့်ပွဲက သူတို့လိုအပ်တဲ့ပြေးလမ်းကို ထွင်နိုင်ဖို့အတွက် အကောင်းဆုံးအချိန်ကိုက်ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။

ယာဂင်ကလော့ပ်ရဲ့အသင်းဟာ အန်ဖီးလ်မှာ အရေးနိမ့်ခဲ့ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အကြီးမားဆုံးအခက်အခဲဖြစ်လာတော့မှာပါ။

ဒါပေမဲ့ လီဗာပူးသာနိုင်ခဲ့ရင်တော့ အာဆင်နယ်ကိုသရေကျပြီး ၄ ရက်အကြာမှာ မန်ယူကိုနိုင်တာဖြစ်သွားမှာမို့လို့ သူတို့အတွက် အမှတ်ရစရာ၊ ယုံကြည်ချက်မြင့်စရာ ဖြစ်သွားပါလိမ့်မယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ပိုင်းရောက်ဖို့ ကြိုးစားနေတဲ့အသင်းတွေ များနေသလို အဲဒီအသင်းတွေက ယုံကြည်ချက်စိတ်ရှိနေတာကလည်း အရေးကြီးတဲ့အချက်ဖြစ်တာကြောင့် လီဗာပူးအတွက်လည်း မန်ယူကိုအနိုင်ရမယ်ဆိုရင် ကစားသမားတွေအတွက် အကြီးမားဆုံးတွန်းအားတစ်ခု ဖြစ်ပေါ်လာစေမှာပါ။

ပရိသတ်တွေအတွက်တော့ တနင်္ဂနွေနေ့က စပါယ်ရှယ်လို့ဆိုရမှာပါ။ ကျွန်တော်ဆိုရင် လီဗာပူးပရိသတ်အဖြစ် ကြီးပြင်းလာခဲ့ပြီး လီဗာပူးကစားသမားဖြစ်မလာခင်ကတည်းက မန်ယူနဲ့ပွဲတွေကို သွားကြည့်ခဲ့တာဖြစ်လို့ ဒီ ၂ သင်းရဲ့ပြိုင်ဘက်အဆင့်အတန်းနဲ့ ဘယ်လောက်ကြီးကျယ်ခမ်းနားမယ့်ပွဲဆိုတာ နားလည်နေပါတယ်။

မန်ယူနဲ့ပွဲစဉ်မှာပါဝင်ကြမယ့် လီဗာပူးကစားသမားအများစုကတော့ အဲဒီအချက်ကို သိပ်နားမလည်ကြပေမယ့် အဲဒီလိုဖြစ်နေတာက မဆိုးဘူးလို့ဆိုရမှာပါ။ အဲဒီလို နားမလည်ခြင်းကြောင့်ပဲ သူတို့ဟာ သာမန်ပွဲတစ်ပွဲလိုကစားပြီး ဖိအားအောက်ကနေ အကောင်းဆုံးရုန်းထွက်နိုင်ပါတယ်။

လီဗာပူးကစားသမားအများစုအတွက် ဒီပွဲက အသင်းကြီးတစ်သင်းနဲ့တွေ့ရတာ သာမန်ပွဲကြီးတစ်ပွဲဖြစ်ပြီး ဟာလာဟင်းလင်းဖြစ်နေဆဲ ထိပ်ဆုံး ၄ သင်းစာရင်းအတွက် ခြေတစ်လှမ်းအသာရနိုင်မယ့် အခွင့်အရေးပါပဲ။

လီဗာပူးအထမြန်မယ်၊ မန်ယူကရော တိုက်စစ်ဆင်မှာလား
———————————————————————
ဒီပွဲက အန်ဖီးလ်မှာကစားရမှဖြစ်တာကြောင့် လီဗာပူးရဲ့အကောင်းဆုံးခြေစွမ်းကို ကျွန်တော်မျှော်လင့်ထားတယ်။ အာဆင်နယ်နဲ့ပွဲမှာလိုပဲ အထမြန်မယ်လို့လည်း တွက်ဆထားတယ်။

ဒီတော့ နည်းစနစ်ပိုင်းအရ မန်ယူက ဘယ်လိုချဉ်းကပ်လာမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာတယ်။ သူတို့က ခြေစွမ်းကောင်းရနေတဲ့အချိန်မှာ ကစားသမားအားလုံးကို လူကပ်ကစားပြီး ပြိုင်ဘက်ကို ဖိအားပေးတဲ့နေရာမှာ အရမ်းတော်တယ်။

ဒါပေမဲ့ လောလောဆယ် လီဗာပူးနောက်တန်းက အားနည်းနေတဲ့အတွက် သူတို့တွေ တိုက်စစ်ဆင်လာလိမ့်မယ်။ ပြီးတော့ ဗန်ဟားလ်ကလည်း တိုက်စစ်အသားပေးကစားကွက် အသုံးပြုဖို့ ဖိအားပေးခံနေရတယ်။

၂ သင်းလုံးက ခြေစွမ်းမငြိမ်တဲ့အတွက် ရလဒ်ကိုခန့်မှန်းဖို့ကတော့ ခက်ပေမယ့် လီဗာပူးက အာဆင်နယ်ကိုကစားခဲ့သလိုပုံစံအတိုင်း ကစားသွားမယ်ဆိုရင် သူတို့အတွက် အခွင့်အရေးက တော်တော်ကောင်းပါတယ်။

မန်ယူကတော့ ဒီပွဲမှာ ရလဒ်ကောင်းဖို့ဖိအားရှိနေတဲ့အတွက် လီဗာပူးအတွက်ကတော့ ကြောက်ရွံ့စရာဘာမှမရှိပါဘူး။

ကလော့ပ်ကို အချိန်ပေးရမယ်
————————————-
မန်ယူနဲ့ပွဲရလဒ်ပေါ်မူတည်ပြီး လီဗာပူးရဲ့ဒီရာသီ ထိပ်ဆုံး ၄ သင်းအဆင့် ၀င်၊ မ၀င်ဆိုတာ အဖြေထုတ်ဖို့အခြေအနေ ရှိလာနိုင်ပေမယ့် မန်ယူကို ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ လီဗာပူးအပေါ် ကလော့ပ်ရဲ့ကိုင်တွယ်မှုကိုတော့ အပြီးသတ်ကောက်ချက်ဆွဲဖို့ စောလွန်းနေပါသေးတယ်။

နောက်ရာသီအခုလိုအချိန်ကျမှ ကလော့ပ်အပေါ် ကောက်ချက်ဆွဲတာက ပိုကောင်းမှာဖြစ်ပြီး အဲဒီအချိန်ဆိုရင် သူလည်း သူ့အကြိုက်ကစားသမားတွေခေါ်ပြီးမှာဖြစ်သလို ရာသီကြိုမှာအသင်းကိုပြင်ဆင်ဖို့အတွက်လည်း လုံလောက်တဲ့အချိန်ရပြီး ဖြစ်နေမှာပါ။

လောလောဆယ်ကတော့ ပြောဖို့စောလွန်းနေပါသေးတယ်။ လီဗာပူးကို သူတာဝန်ယူခဲ့တာက ၃ လပဲရှိသေးပြီး အဲဒီကာလအတွင်းမှာ ခြေစွမ်းကောင်းတဲ့ပွဲတွေ၊ ဆိုးလွန်းတဲ့ပွဲတွေ မြင်ခဲ့ရပြီးပါပြီ။ အဲဒါကလည်း ပထမရာသီဝက် သူ့အရင်နည်းပြ ဘရန်ဒန်ရော်ဂျာလက်ထက်တုန်းကလိုပါပဲ။

အာဆင်နယ်နဲ့ပွဲတုန်းကတော့ ပထမမိနစ် ၃၀ မှာ သူတို့ရဲ့စိတ်ဓာတ်က အားတက်စရာအရိပ်အယောင်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ တုံ့ပြန်ပုံသိပ်မကောင်းပေမယ့် ၁ မှတ်တော့ ရခဲ့ပါတယ်။

ချဲလ်ဆီး၊ မန်စီးတီးတို့ကို နိုင်ခဲ့ပြီး အာဆင်နယ်ကိုသရေကျခဲ့တဲ့ လီဗာပူးရဲ့ခြေစွမ်းအမှန်က ဘာလဲဆိုတာကိုတော့ ၀က်ဖို့ဒ်၊ ၀က်စ်ဟမ်းတို့နဲ့ပွဲတွေမှာ မမြင်ခဲ့ရဘဲ အရေးနိမ့်ခဲ့ပါတယ်။

လျစ်လျူရှုထားလို့မရတဲ့ ဒဏ်ရာပြဿနာများ
—————————————————-
ကလော့ပ်လက်ထက်မှာ လီဗာပူးကစားသမားတွေ တံကောက်ကြောဒဏ်ရာရနေကြတာကြောင့် ပူပန်စရာဖြစ်နေတာကတော့ ငြင်းမရပါဘူး။

ဒီလိုဒဏ်ရာရကြတာက လေ့ကျင့်ရေးကွင်းမှာ သာမန်ထက်ပိုပြီးအပြေးလေ့ကျင့်တာကြောင့် အဖြစ်များသလို အဓိကပြဿနာလို့ ကျွန်တော်ထင်တာကတော့ နည်းပြသစ်သဘောကျအောင် ကြိုးစားကြတာနဲ့ ကံဆိုးတာကြောင့်လို့ ဆိုတာပါပဲ။

ကလော့ပ်နဲ့ သူ့အဖွဲ့ဝင်တွေကလည်း ဘာဖြစ်နေလဲဆိုတာ သတိထားမိမှာ သေချာသလို ဘာကြောင့်လဲဆိုတာကို ဖော်ထုတ်မှာဖြစ်ပေမယ့် နေ့ချင်းညချင်းတော့ ပြဿနာပြေလည်အောင် သူလုပ်နိုင်မှာ မဟုတ်ပါဘူး။

အသင်းကိုသူတာဝန်ယူတုန်းက ကစားသမားတွေက သူလိုချင်တဲ့ပုံစံအတိုင်းကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ ထင်ခဲ့ရင်တော့ သူကလည်း လေ့ကျင့်ရေးမှာ အလွန်အကျွံမောင်းခဲ့မှာ သေချာပါတယ်။

သူဘာပဲလုပ်ခဲ့လုပ်ခဲ့ အာဆင်နယ်နဲ့ပွဲမှာ သူတို့အားထုတ်မှုတွေက အရာထင်ခဲ့လို့ သူ့နည်းပြမှု အောင်မြင်ပါတယ်။ ပြီးတော့ သူတာဝန်ယူစအခြေအနေနဲ့ယှဉ်ရင် စိတ်ဓာတ်အင်အားပြောင်းလဲသွားမှုက အကြီးမားဆုံးခြားနားချက်ပါပဲ။

ကလော့ပ်ရဲ့ဦးစားပေးက ခံစစ်ဖြစ်လိမ့်မယ်
————————————————–
လီဗာပူးနောက်တန်းမှာ လက်ဗ်ရန်နဲ့ စကာတယ်တို့ ဒဏ်ရာရနေတာက ပြဿနာဖြစ်နေပေမယ့် သူတို့ကြံ့ခိုင်မှုပြည့်ဝရင်လည်း အတွင်းခံစစ်ပိုင်းက အားနည်းချက်ဖြစ်နေပါတယ်။

ဂိုးသမားမစ်ဂ်နိုလက်နဲ့ပတ်သက်ပြီး အမှားတွေကြောင့် မေးခွန်းထုတ်စရာဖြစ်နေသလို အာဆင်နယ်၊ စပါးတို့က ပီတာချက်၊ ဟူဂိုလိုရစ်တို့လို အသင်းနောက်တန်းကို ထိန်းကျောင်းနိုင်စွမ်းက ဒီဂိုးသမားမှာ မရှိတာ ထင်းလင်းနေပါတယ်။

ကလော့ပ်ဟာ ဗဟိုခံစစ်ကစားသမား ကော်လ်ကာကို အငှားနဲ့ခေါ်ထားပြီး ဂိုးသမားဒန်နီဝက်ဒ်ကိုလည်း အဘာဒင်းကနေ ပြန်ခေါ်ထားပါတယ်။

အခုအပြောင်းအရွှေ့ကာလမှာ ကလော့ပ်က ရွေးချယ်စရာအများကြီးရှိတဲ့ ကွင်းလယ်နဲ့ တိုက်စစ်အတွက် လူထပ်ခေါ်မှာမဟုတ်ဘဲ ခံစစ်ကိုပဲ အားဖြည့်ပါလိမ့်မယ်။

လီဗာပူးကို သူတာဝန်ယူကတည်းက အမြင့်ဆုံးခြေစွမ်းမရှိခဲ့ဘဲ အခွင့်အရေးအများကြီး ဆုံးရှုံးခဲ့ရပေမယ့် စတာရစ်ခ်ျ၊ ဒန်နီအင့်စ်တို့လို ဒဏ်ရာရကစားသမားတွေ ပြန်ပါလာမယ့်အချိန်မှာတော့ အသင်းတိုက်စစ်က ပြင်းအားမြင့်လာပါလိမ့်မယ်။

Ref: BBC သို့ လီဗာပူးကစားသမားဟောင်း ဒန်နီမာဖီပြောကြားမှုအား ဆီလျော်အောင်ပြန်ဆိုသည်။

comments

error: Content is protected !!