ရီးရဲလ်နှင့် အက်သလက်တီကိုတို့ အပြောင်းအရွှေ့ပြစ်ဒဏ်ချမှတ်ခံရ
|
စပိန်ကလပ်ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ကို လာမည့်အပြောင်းအရွှေ့ကာလ ၂ ခုတွင် ကစားသမားမှတ်ပုံတင်ခွင့်ပိတ်ပင်ခြင်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်းသိရှိရသည်။
ထိုကလပ်များမှာ အပြောင်းအရွှေ့စည်းမျဉ်းများ ချိုးဖောက်သည့်အတွက် ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဖီဖာကကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ၂ သင်းက ယခုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။
ယခုပြစ်ဒဏ်မှာ လက်ရှိဇန်န၀ါရီအပြောင်းအရွှေ့ကာလ အကျုံးမ၀င်သော်လည်း အက်သလက်တီကိုမှာ ဒဏ်ငွေ ပေါင် ၆၂၂၀၀၀ နှင့် ရီးရဲလ်မှာ ပေါင် ၂၄၉၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။
ရီးရဲလ်သည် အသက် ၁၈ နှစ်အောက် ပြည်ပကစားသမားများကိုစာချုပ်ခေါ်ယူပြီး စည်းမျဉ်းအတိုင်း သေချာစွာမှတ်ပုံတင်ခြင်းမပြုဟူသည့် ပြောကြားမှုများမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး အသင်းအထွေထွေဒါရိုက်တာ ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်က တရားမျှတမှုမရှိသော၊ လုံးဝမမျှော်လင့်ထားသော ပြစ်ဒဏ်ချမှတ်မှုဟု ထုတ်ဖော်ပြောကြားခဲ့ကာ အက်သလက်တီကိုကလည်း ယခုပြစ်ဒဏ်ချမှတ်မှုကို လက်မခံကြောင်းနှင့် အယူခံဝင်ရန်အတွက် လိုအပ်သောအထောက်အထားများကို လေ့လာစုဆောင်းသွားမည်ဟု တုံ့ပြန်ခဲ့သည်။
Next : ဆမ်ဘိုင်ရမ်ကို ပေါင် ၄ သန်းဖြင့် အဲဗာတန်ခေါ်ယူနိုင်တော့မည်