လက်စတာချန်ပီယံဖြစ်နိုင်ဟူသောစကားများမှာ ရယ်စရာကောင်းနေဆဲဟု ရေနီယာရီဆို
|
ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ တွင် လက်စတာအသင်းမှာ စပါးအိမ်ကွင်း၌ ၀-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် လက်စတာချန်ပီယံဖြစ်နိုင်သည်ဟူသော ပြောစကားများမှာ ရယ်စရာကောင်းနေဆဲဟု နည်းပြရေနီယာရီက ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားသိမ်းပိုက်နိုင်ရေးအတွက် ရမှတ် ၇၉ မှတ်ပိုင်ဆိုင်ရန် ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
စပါးကိုအနိုင်ရပြီးနောက် မီဒီယာများက နည်းပြရေနီယာရီကို ချန်ပီယံဆုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ၌ ”ကျွန်တော်ရယ်ချင်တယ်။ အခုက ဇန်န၀ါရီပဲရှိသေးတယ်။ တကယ်လို့ မေလဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုက ဇန်န၀ါရီလလေ။ မေလမဟုတ်သေးဘူး။ ကျွန်တော်တို့ ပြီးပြည့်စုံအောင် ပြင်းပြင်းထန်ထန်ကြိုးပမ်းရဦးမှာပါ။ ဒီနှစ်ပရီးမီးယားလိဂ်က အရမ်းရူးသွပ်ဖို့ကောင်းနေပါတယ်။ ပထမရာသီဝက်မှာ ၃၉ မှတ်ရခဲ့တယ်။ တကယ်လို့များ ရာသီကုန်ဆုံးချိန်မှာ ၇၉ မှတ်ရမယ်ဆိုရင် ကျွန်တော်အရမ်းပျော်ရွှင်မိမှာပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုနိုင်ပွဲရရှိခဲ့သဖြင့် လက်စတာအသင်းမှာ အမှတ်ပေးဇယားဒုတိယနေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ဦးဆောင်သူအာဆင်နယ်မှာ လီဗာပူးနှင့်ပွဲတွင် သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။
Next : မန်ယူ၊ ချဲလ်ဆီး၊ မန်စီးတီးသို့ရောက်ရှိနိုင်သည်ဟု ထင်မြင်စေခဲ့ခြင်းအပေါ် ဂွါဒီယိုလာတောင်းပန်