ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားပါက အာဆင်နယ်ကိုနိုင်မည်မဟုတ်ဟု ကလော့ပ်ဝန်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ယာဂင်ကလော့ပ်

အာစင်ဝင်းဂါး၏ ဘောလုံးပိုင်ဆိုင်မှုဦးစားပေးသောကစားကွက်အတိုင်း အပြိုင်အဆိုင်လိုက်ကစားပါက မိမိတို့အသင်း အနိုင်ရမည်မဟုတ်ဟု လီဗာပူးနည်းပြယာဂင်ကလော့ပ်က ၀န်ခံလိုက်သည်။

၁၂ ကြာ ပရီးမီးယားလိဂ်ဖလားလက်မဲ့ကာလကို အဆုံးသတ်ရန်ကြိုးစားနေသည့် အမှတ်ပေးဇယားအဆင့် ၁ မှ အာဆင်နယ်မှာ ယနေ့တွင် အန်ဖီးလ်၌ လီဗာပူးနှင့်ကစားရမည်ဖြစ်ပြီး ကလော့ပ်က ဘောလုံးပိုင်ဆိုင်မှုအသားပေးသည့်ကစားကွက်တွင် လီဗာပူးမှာ အာဆင်နယ်နှင့် တန်းမတူဟု ထောက်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကလော့ပ်က လီဗာပူးသို့ ၎င်းရောက်ရှိလာပြီးနောက် အင်္ဂလိပ်ဘောလုံးလောက၏ဖိအား၊ ခရစ္စမတ်ပွဲကျပ်ကာလနှင့် ပရီးမီးယားလိဂ်၏ပြိုင်ဆိုင်မှုပြင်းထန်ခြင်းများကို ကိုယ်တိုင်တွေ့ကြုံရချိန်တွင် ၀င်းဂါးအား ပိုမိုလေးစားမိကြောင်းလည်း ထုတ်ဖော်ခဲ့သည်။

“အာဆင်နယ်နဲ့ ၀င်းဂါးမှာ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားကွက်ရှိတယ်။ ဒီတော့ သူတို့လိုပုံစံမျိုး လိုက်ကစားရင်တော့ ကျွန်တော်တို့ အခွင့်အရေးတောင်ရမှာမဟုတ်ဘူး။ သူတို့က ဒီပုံစံနဲ့ကစားနေတာ ကြာပြီလေ။ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုအသားပေးတဲ့ အသင်းကောင်းဖြစ်ရုံတင်မကတာက ပြဿနာဖြစ်နေတာပဲ။ သူတို့က တန်ပြန်တိုက်စစ်လည်း ကောင်းတယ်။ အဲဒါကို သတိထားရမယ်။ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တွေးကြည့်ဖို့က အကောင်းဆုံးအလုပ်ပဲလေ။ သူတို့ကစားကွက်ကို ဘယ်လိုတားဆီးရမလဲဆိုတာ တွေးရမှာက တော်တော်ကောင်းတယ်။ အဲဒီလိုတွေးရတာတွေ ကျွန်တော်သဘောကျတယ်”ဟု ကလော့ပ်က ပြောကြားခဲ့သည်။

ထို့အပြင် အာစင်ဝင်းဂါးနှင့်ပတ်သက်၍လည်း ကလော့ပ်က”၀င်းဂါးကို ကျွန်တော့်လေးစားမှုတွေက တစ်ရက်ပြီးတစ်ရက် တိုးလာတယ်။ သူ့ကို အမြဲတမ်းလေးစားခဲပါတယ်။ ဒါပေမဲ့ ဒီကိုရောက်လာပြီးမှ ပိုလေးစားလာတယ်။ သူက တကယ်တော်တဲ့သူပါ။ ကမ္ဘာ့အဆင့်နည်းပြဖြစ်ပြီး သူနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာက စိန်ခေါ်မှုအသစ်ပါပဲ”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!