ရန်ကုန်ယူနိုက်တက်နည်းပြအဖြစ်မှ အီမာဆင်ထုတ်ပယ်ခံရ
|
အောင်သော်ဖြိုး။
ဇန်နဝါရီ ၁၂။
ရန်ကုန်ယူနိုက်တက်သည်၂၀၁၆ ရာသီအတွက် ခန့်အပ်ခဲ့သည့် ဘရာဇီးနည်းပြ အီမာဆင်ကို ထုတ်ပယ်လိုက်ကြောင်း သိရသည်။
အီမာဆင်က မိမိအကောင်းဆုံး ကြိုးစားခဲ့သော်လည်း ကံမကောင်းခဲ့ကြောင်း၊ ပရိသတ်များကိုလည်း ကျေးဇူးတင်ပြီး အသင်းသစ်တစ်သင်း မကြာမီကိုင်တွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။
“တစ်နေ့ကျရင် ပြန်လာဖြစ်ပါလိမ့်မယ်။ ပရိသတ်တွေက ကျွန်တော့်ကို သဘောမကျပေမယ့် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒါက ဘောလုံးလောကလေ”ဟု ၎င်းက ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်သည် ရလဒ်နှင့် စွမ်းဆောင်ရည်ကိုသာ ကြည့်သည့်အသင်းဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်ကရလိုသည့် အောင်မြင်မှုကို အီမာဆင် စွမ်းဆောင်နိုင်ခြင်းရှိ၊ မရှိ သုံးသပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အသင်းမန်နေဂျာဦးမြင့်သိန်းက ဆိုသည်။
အီမာဆင်သည် ၂၀၁၅ ခုနှစ်က ၎င်းကိုင်တွယ်သည့် မနောမြေကို အောင်မြင်မှုရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ဘဲ တန်းဆင်းခဲ့ရပြီးနောက် ရန်ကုန်ယူနိုက်တက်သို့ရောက်ရှိခဲ့သည့် နည်းပြဖြစ်သည့်အတွက် ပရိသတ်များက ကြိုက်နှစ်သက်ခြင်းမရှိခဲ့ပေ။
အီမာဆင်သည် ရန်ကုန်ယူနိုက်တက်နှင့် တိုယိုတာမဲခေါင်ဖလား ပွဲစဉ် ၂ ပွဲတွင် ၁ပွဲနိုင် ၁ ပွဲရှုံးရလဒ်၊ မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ပွဲစဉ် ၁ တွင် မကွေးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီး ဧရာဝတီယူနိုက်တက်နှင့်ယှဉ်ပြိုင်ခဲ့သည့် ကွင်းဖွင့်ဖလားပြိုင်ပွဲတွင်မူ အနိုင်ရခဲ့ကာ ရန်ကုန်ယူနိုက်တက်အတွက် ၂၀၁၆ ရာသီအတွက် ပထမဆုံးဖလားရယူပေးခဲ့သည်။
Next : နယူးကာဆယ်ဘက်သို့ ၆ ဂိုးသွင်းနိုင်သည့်အနေအထားရှိခဲ့ဟု ဗန်ဟားလ်ဆို