ရော်နယ်ဒိုနှင့် နေမာတို့ကိုကျော်ဖြတ်ကာ ဖီဖာရွှေဘောလုံးဆုကို မက်ဆီဆွတ်ခူး
|
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်သည့် ဖီဖာရွှေဘောလုံးဆုကို ၅ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားအသင်းခေါင်းဆောင်သည် မဲပေးမှု၏ ၄၁.၃၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ရော်နယ်ဒိုက ၂၇.၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ အသင်းဖော်နေမာက ၇.၈၆ ရာခိုင်နှုန်းဖြင့် တတိယရရှိခဲ့သည်။
ပြီးခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းခဲ့သည့် အမေရိကန်အမျိုးသမီးလက်ရွေးစင်ကွင်းလယ်ကစားသမား ကာလီလွိုက်မှာ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားဆုရရှိခဲ့ပြီး အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ မာ့ခ်ဆမ်ဆွန်က အမေရိကန်နည်းပြ ဂျီးလ်အီလစ်ကိုကျော်ဖြတ်ကာ အမျိုးသမီးနည်းပြဆုဆွတ်ခူးခဲ့သည်။
မက်ဆီရဲ့၂၀၁၅ ကို ကိန်းဂဏန်းများဖြင့် ပြန်လည်ရေးဆွဲခြင်း
————————————————————————-
– ၆၁ ပွဲ၊ ၅၂ ဂိုး၊ ဂိုးဖန်တီးမှု ၂၆ ကြိမ်
– တစ်ဂိုးသွင်းရန်ပျမ်းမျှကြာချိန် ၁၀၁ မိနစ်၊ ဂိုးဖန်တီးရန်ပျမ်းမျှကြာချိန် ၂၀၂ မိနစ်
– ၂၀၁၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းအမှတ်ပေးပြိုင်ပွဲ ၅ ခုအနက် အနိမ့်ဆုံး ၁၀ ဂိုးသွင်းယူခဲ့သူများအနက် တစ်ဂိုးရရန်ပျမ်းမျှကြာချိန် မိနစ် ၈၀ ဖြင့် အကောင်းဆုံးဖြစ်ခဲ့
– လာလီဂါသွင်းဂိုး ၄၉ ဂိုးတွင် ၃၄ ဂိုးသွင်းပြီး ၁၅ ကြိမ်ဖန်တီးမှုဖြင့် တိုက်ရိုက်ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ် ၅ ခုအနက် ရော်နယ်ဒိုနှင့်အတူ အများဆုံးဖြစ်ခဲ့
– ၂၀၁၅ ခုနှစ်အတွင်း ဘာစီလိုနာယှဉ်ပြိုင်ခဲ့သည့် ကလပ်ပြိုင်ပွဲ ၆ ခုလုံးတွင် ဂိုးသွင်းခဲ့ပြီး ဖလား ၅ လုံးရခဲ့
ယခင်ရွှေဘောလုံးဆုရှင်များ
———————————-
၂၀၁၄ – ရော်နယ်ဒို
၂၀၁၃ – ရော်နယ်ဒို
၂၀၁၂ – မက်ဆီ
၂၀၁၁ – မက်ဆီ
၂၀၁၀ – မက်ဆီ
၂၀၀၉ – မက်ဆီ
၂၀၀၈ – ရော်နယ်ဒို
၂၀၀၇ – ကာကာ
၂၀၀၆ – ကန်နာဗာရို
၂၀၀၅ – ရော်နယ်ဒင်ညို
၂၀၀၄ – ရှက်ဗ်ချန်ကို
၂၀၀၃ – နက်ဗက်
ရွှေဘောလုံး – တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးကစားသမား
———————————————————————-
မက်ဆီသည် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ဘာစီလိုနာနှင့်အတူ လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်ဖလား ၃ လုံးရရှိခဲ့ပြီးနောက် ၅ ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုမှာ ၂၀၁၅ ခုနှစ်အတွင်း ပွဲပေါင်းများစွာကစားခဲ့ပြီး ချန်ပီယံလိဂ်တွင် စံချိန်သစ်အဖြစ် ၁၆ ဂိုးသွင်းယူခြင်းအပါအ၀င် ၅၇ ဂိုး ရရှိနိုင်ခဲ့သော်လည်း ရွှေဘောလုံးဆုကို ၄ ကြိမ်မြောက်ရရှိရန် မလုံလောက်ခဲ့ချေ။
ဘာစီလိုနာတိုက်စစ်မှူး နေမာသည် ၂၀၀၇ ခုနှစ်တွင် ယခုဆုကို ကာကာရရှိပြီးနောက်ပိုင်း ဆန်ကာတင် ၃ ဦးစာရင်း၌ ပထမဆုံးပါဝင်ခဲ့သည့် ဘရာဇီးကစားသမားဖြစ်လာသည်။ ၎င်းမှာ ယခုရာသီတွင် လာလီဂါတွင် ၁၅ ဂိုးသွင်းယူကာ အသင်းဖော်ဆွာရက်ဇ်နှင့်အတူ ဂိုးသွင်းဘုရင်အဖြစ် ပူးတွဲရပ်တည်နေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ၆၂ ပွဲကစားကာ ၄၅ ဂိုးသွင်းယူနိုင်ခဲ့သည်။
“ဒီဆုကိုခရစ္စတီယာနိုရော်နယ်ဒို ရရှိသွားခဲ့ပြီးနောက်မှာ ဒီစင်ပေါ်ပြန်တက်ခွင့်ရပြီး ရွှေဘောလုံးဆုထပ်ရခဲ့တာက ကျွန်တော့်အတွက်တော့ အရမ်းထူးခြားတဲ့အခိုက်အတန့်ပါပဲ။ ၅ ကြိမ်မြောက်ရတာက ၀မ်းသာစရာပါ။ ကလေးဘ၀တုန်းက စိတ်ကူးခဲ့တာတွေထက် အများကြီးပိုသွားပါပြီ”ဟု မက်ဆီက ဆုလက်ခံပြီးနောက် ပြောကြားခဲ့သည်။
ဖီဖာ/Fifpro ကမ္ဘာ့အကောင်းဆုံးအသင်း
———————————————–
ရီးရဲလ်သည် ဖလားလက်မဲ့ဖြစ်ခဲ့သော်လည်း ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ဘာစီလိုနာနည်းတူ ကစားသမား ၄ ဦး ပါဝင်ခဲ့သည်။
ဂိုးသမားနူယာတစ်ဦးသာ ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုတွင် ပရီးမီးယားလိဂ်မှာ ယခုအသင်းတွင် ကစားသမားတစ်ဦးမှပါဝင်ခြင်းမရှိသည့် အမှတ်ပေးပြိုင်ပွဲဖြစ်ခဲ့သည်။
ကမ္ဘာ့အကေင်းဆုံးအသင်းလူစာရင်း – နူယာ၊ မာဆယ်လို၊ ဆေးလ်ဗား၊ ရာမို့စ်၊ အဲလ်ဗက်စ်၊ ပေါ့ဂ်ဘာ၊ အင်နီယက်စတာ၊ မိုဒရစ်၊ နေမာ၊ ရော်နယ်ဒို၊ မက်ဆီ။
ကမ္ဘာ့အကောင်းဆုံးနည်းပြ – အမျိုးသား
———————————————–
ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်သည် ၂၀၁၅ ခုနှစ်အတွင်း ၎င်း၏အသင်းကို ဖလားပြိုင်ပွဲ ၆ ခုအနက် ၅ ခုတွင် ချန်ပီယံဖြစ်စေခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးနည်းပြဆု ဆွတ်ခူးခဲ့သည်။
၎င်းသည် ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာ၊ ချီလီအား ကိုပါအမေရိကဖလားရရှိစေခဲ့သူ ဂျော့ဆမ်ပါအိုလီတို့အားကျော်ပြီး ရရှိခဲ့ခြင်းဖြစ်သည်။
ပွတ်ရှ်ကပ်ဆု – တစ်နှစ်တာအကောင်းဆုံးဂိုး
—————————————————
အက်သလက်တီကိုဂိုရီအန်းနီအေ့စ်ကစားသမား ၀န်ဒဲလ်လီယာမှာ ဘရာဇီးဂိုရီအာနိုပြည်နယ်အမှတ်ပေးပြိုင်ပွဲတွင် ဂိုရီအန်းနီဆီယာဘက်သို့ သွင်းယူခဲ့သည့် နောက်ပြန်ကန်ချက်သွင်းဂိုးဖြင့် ပွတ်ရှ်ကပ်ဆုရရှိသွားခဲ့သည်။
စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ကွင်းတစ်ဝက်မှဆွဲပြေးကာ ဂိုးသွင်းယူခဲ့သည့် မက်ဆီ၏သွင်းဂိုးက ဒုတိယဆုရရှိခဲ့ပြီး ရိုးမားနောက်ခံလူ ဖလိုရန်ဇီက ဘာစီလိုနာဘက်သို့ ၅၅ ကိုက်အကွာမှ သွင်းဂိုးက တတိယရရှိခဲ့သည်။
အသန့်ရှင်းဆုံးဆု
——————–
အသန့်ရှင်းဆုံးဆုအား လိဒ်နှင့် တောင်အာဖရိကအသင်းခေါင်းဆောင်ဟောင်း လူးကပ်စ်ရာဒီဘီက ဘောလုံးကလပ်များနှင့် ဒိုင်လူကြီးများပါဝင်သည့်အဖွဲ့အစည်းများ၏ မဲပေးမှုဖြင့်ရရှိခဲ့ကာ ထိုဆုအတွက် ဆန်ကာတင်လူစာရင်းမရှိခဲ့ချေ။
Next : အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်များရေးဆွဲပြီးစီး