ရီးရဲလ်ကို ရော်နယ်ဒိုစွန့်ခွာဦးမည်မဟုတ်ဟု ဇီဒန်းပြောကြား
|
ရေတိုကာလအတွင်း ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုမှာ အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ရီးရဲလ်နည်းပြသစ်ဇီဒန်းက ပြောကြားလိုက်ပြီး ထိုကစားသမားမှာ ရီးရဲလ်၏၀ိညာဉ်ဖြစ်သည်ဟု တင်စားလိုက်သည်။
မန်ယူနည်းပြဗန်ဟားလ်သည် ပြီးခဲ့သည့်နိုဝင်ဘာလက ရော်နယ်ဒိုအား မန်ယူသို့ပြန်လည်ခေါ်ယူလိုသည်ဟု ဖွင့်ဟခဲ့ဖူးသော်လည်း ဇီဒန်းက ဒီပို့တီဗိုနှင့်ကစားရမည့် ၎င်း၏အသင်းကြီးနည်းပြပွဲဦးထွက်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌”ရော်နယ်ဒိုက ပြောင်းရွှေ့ခွင့်ပေးလို့မရတဲ့ကစားသမားဆိုတာထက် ပိုပါတယ်။ သူက အသင်းရဲ့ဝိညာဉ်ပါ။ သူဘယ်မှသွားမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ရီးရဲလ်သို့မရောက်ရှိမီ မန်ယူကစားသမားအဖြစ် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်တို့ကို မန်ယူတွင် ၆ နှစ်တာကစားစဉ် ရရှိခဲ့သည်။