ဂွါဒီယိုလာ၏အကြံအစည်များကို မအံ့သြမိဟု ဗန်ဟားလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဂွါဒီယိုလာ၏အကြံအစည်အား မအံ့သြမိဟုဆိုခဲ့သည့် ဗန်ဟားလ်

မန်ယူနည်းပြ လူးဝစ်ဗန်ဟားလ်က ပရီးမီးယားလိဂ်တွင် နည်းပြတာဝန်ယူလိုသည့် ဂွါဒီယိုလာ၏ဆန္ဒကို မအံ့သြမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာသည် ထိုအသင်းကို ၃ ရာသီကြာကိုင်တွယ်ခဲ့ပြီးနောက် ယခုရာသီအကုန်တွင် ထွက်ခွာတော့မည်ဟု ကြေညာထားကာ မန်ချက်စတာကလပ်များအပါအ၀င် ချဲလ်ဆီး၊ အာဆင်နယ်တို့၏ စိတ်ဝင်စားမှုခံနေရသူဖြစ်သည်။

“သူ့မှာ အဲဒီရည်မှန်းချက်ရှိတယ်။ သူက အင်္ဂလိပ်ယဉ်ကျေးမှုနဲ့ ပရီးမီးယားလိဂ်အရသာကို မြည်းစမ်းချင်နေတယ်။ သူအဲဒီလိုဖြစ်ချင်နေတာ ကောင်းပါတယ်။ ကျွန်တော်ကတော့ နည်းပြဘ၀အဆုံးသတ်ခါနီးပြီမို့ အဲဒါကို စိတ်မ၀င်စားတော့ပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက စာချုပ်သက်တမ်းရှိတဲ့အချိန်မှာ မန်ယူကို အကောင်းဆုံးပဲ့ကိုင်ဖို့ပါပဲ”ဟု ဗန်ဟားလ်က ပြောကြားခဲ့သည်။

ဗန်ဟားလ်သည် အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီအကုန်အထိ မန်ယူနှင့်စာချုပ်ရှိနေသော်လည်း ဆွမ်ဆီးကို ၂-၁ ဖြင့်အနိုင်ရကာ ၈ ပွဲဆက်အနိုင်ပျောက်ဆုံးမှုစံချိန်ဆိုး မကျိုးပျက်မီ လက်ရှိရာထူးအတွက် ဖိအားဒဏ်အကြီးအကျယ်ခံခဲ့ရသည်။

ဂွါဒီယိုလာ၏ ကောက်ကြောင်းအချို့
———————————————
– ၄ နှစ်အတွင်း ဖလား ၁၄ လုံးရပြီး ဘာစီလိုနာရဲ့အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ရာမှာ လာလီဂါချန်ပီယံ ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ချန်ပီယံ ၂ ကြိမ်ပါဝင်ပါတယ်။
– ၂၀၁၃ ခုနှစ်မှာ ယက်ဟေးနက်စ်ရဲ့နည်းပြတာဝန်ယူမှုနဲ့ ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန်ဖလားတွေရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို တာဝန်မယူခင် နည်းပြဘ၀က ၁ နှစ်နားခဲ့ပါတယ်။
– ဘိုင်ယန်မြူးနစ်နဲ့ ဘောလုံးရာသီ ၂ ခုမှာ ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်ရခဲ့ပြီး တတိယရာသီမှာတော့ ၈ မှတ်ပြတ်နဲ့ ဦးဆောင်နေပါတယ်။ ဂျာမန်ကလပ်နဲ့အတူ ချန်ပီယံလိဂ်ဖလားမရသေးဘဲ ဆီမီးဖိုင်နယ်အဆင့်မှာ ၂ ကြိမ်တပ်ခေါက်ခဲ့ရပါတယ်။
– ဖေဖော်ဝါရီလမှာ အီတလီအသင်းကြီး ဂျူဗင်တပ်နဲ့ ၁၆ သင်းရှုံးထွက်ပွဲစဉ် ရင်ဆိုင်ရမှာဖြစ်ပြီး ဂွါဒီယိုလာက”ချန်ပီယံလိဂ်ဖလားရရင် ဒီအသင်းနည်းပြဘ၀က ပြီးပြည့်စုံသွားပါပြီ”လို့ ဆိုထားပါတယ်။

comments

error: Content is protected !!