စပိန်ဘုရင့်ဖလား အက်စ်ပန်ညိုပွဲအဖြစ်အပျက်ကြောင့် ဆွာရက်ဇ် ၂ ပွဲပယ်ခံရ
|
ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် အက်စ်ပန်ညိုနှင့်ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပွဲစဉ်တွင် အချင်းများမှုကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။
အဆိုပါဥရုဂွေးတိုက်စစ်မှူးသည် ဗုဒ္ဓဟူးနေ့က ၄-၁ ဖြင့်အနိုင်ရခဲ့သည့် ထိုပွဲစဉ်၌ ပြိုင်ဘက်ကစားသမားများကို ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲခံထားရကာ ယခုပြစ်ဒဏ်မှာ လာမည့်ဗုဒ္ဓဟူးနေ့တွင်ကစားရမည့် စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အပါအ၀င် ထိုပြိုင်ပွဲတွင်သာ အကျုံးဝင်မည်ဟု သိရသည်။
ထိုပြစ်ဒဏ်အတွက် အယူခံဝင်ထားသည့် ဘာစီလိုနာက ကြေညာချက်ထုတ်ပြန်ရာတွင်”ဒိုင်လူကြီး၏ ပွဲမှတ်တမ်းတွင်ဖော်ပြထားသကဲ့သို့ မိမိတို့ကစားသမားမှာ ခြိမ်းခြောက်သည့်စကားလုံးများ အသုံးမပြုခဲ့ကြောင်း သိရှိရသည်”ဟု ဖော်ပြထားသည်။
နူးကမ့်တွင်ကစားခဲ့သည့် ထိုပွဲစဉ်တွင် ဧည့်သည်အသင်းဘက်မှ ဟာနန်ပီရက်ဇ်နှင့် ပါပီဒိုင်အုပ်တို့ထုတ်ပယ်ခံခဲ့ရကာ ဒိုင်အုပ်မှာ ဆွာရက်ဇ်အား ကြမ်းတမ်းသည့်စကားများဖြင့် ရန်စခဲ့၍ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
ဒိုင်လူကြီး ဟွမ်မာတီနက်ဇ်၏ အစီရင်ခံစာကို ကက်တလန်သတင်းစာက ဖော်ပြခဲ့ရာတွင် ဆွာရက်ဇ်မှာ အ၀တ်လဲခန်းသွားရာဥမင်လမ်း၌စောင့်နေပြီး”မင်းတို့ကို ငါစောင့်နေတာ။ ဆန်ကုန်မြေလေးတွေ”ဟု အော်ဟစ်ခဲ့ကြောင်း ရေးသားခဲ့သည်။
ထို့အပြင် ဇန်န၀ါရီ ၂ ရက်နေ့က ကစားခဲ့သည့် မြို့ခံပြိုင်ဘက်ထို ၂ သင်း၏ ဒါဘီပွဲစဉ်တွင်လည်း ဘာစီလိုနာတိုက်စစ်မှူးနေမာကို လူမျိုးရေးခွဲခြားသည့်စကားလုံးများဖြင့် အက်စ်ပန်ညိုပရိသတ်များက လှောင်ပြောင်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
Next : သီဟဒီပအသင်း MNL-2 ခြေစစ်ပွဲ နောက်ဆုံးနေရာမှ အပျော်တန်းလိဂ်သို့ဆင်းရမည်