အက်ဖ်အေပွဲစဉ်တွင် လူငယ်ကစားသမားများသုံးမည်ဟု ကလော့ပ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကစားသမားဒဏ်ရာပြဿနာနှင့်ရင်ဆိုင်နေရသည့် ယာဂင်ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်သည် ယနေ့ညကစားမည့်အက်ဖ်အေပွဲစဉ်တွင် နာမည်ကြီးမဟုတ်သော လူငယ်ကစားသမားများကို အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ အသုံးပြုခြင်းမှာ အက်ဖ်အေဖလားပွဲစဉ်ကို အလေးမထား၍မဟုတ်ကြောင်း ဖွင့်ဟလိုက်သည်။

လီဗာပူးမှာ ယနေ့ညတွင် အိတ်စ်တာစီးတီးနှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း ဒဏ်ရာပြဿနာများကြောင့် ပွဲကျပ်ကာလတွင် အခက်အခဲနှင့်ရင်ဆိုင်နေရသဖြင့် ကလော့ပ်က ပွဲထွက်လူစာရင်းကို နာမည်ကြီးကစားသမားများပါဝင်မှုမရှိဘဲ ထုတ်ပြန်ရမည့်အနေအထားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လီဗာပူးတွင် ပုံမှန်ပွဲထွက်ကစားသမား ၁၂ ဦး ကစားနိုင်ခြင်းမရှိဘဲ လာမည့်သီတင်းပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် အာဆင်နယ်၊ မန်ယူတို့ကို ရင်ဆိုင်ရမည့်အတွက် ယခုကဲ့သို့ လူငယ်များဖြင့်ကစားစေမှုမှာ ဝေဖန်မှုများပိုမိုမြင့်တက်လာစေမည်ကို သိရှိကြောင်းလည်း ကလော့ပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၅ ပွဲ၊ ၆ ပွဲလောက်ကို ဆက်တိုက်ကစားခဲ့တဲ့ ကစားသမားတွေ အိတ်စ်တာနဲ့ပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ အသင်းတစ်သင်းဖြစ်အောင် ကျွန်တော်တို့ကြိုးစားစုစည်းရမှာပါ။ လွယ်တော့ မလွယ်ပေမယ့် ရအောင်လုပ်ရမှာပါပဲ။ လီဗာပူးနဲ့ ကျွန်တော့်အသင်းအတွက် လုပ်သင့်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်ချမှတ်တာပါ။ အပြောင်းအလဲတွေလုပ်မှဖြစ်မှာပါ။ ကစားခွင့်ရတဲ့အသင်းကတော့ ရာနှုန်းပြည့်နိုင်ချင်မှာမှန်ပေမယ့် ခဏခဏအတူမကစားဖူးဘဲနဲ့တော့ အသင်းတစ်သင်းမဖြစ်နိုင်ဘူး။ လေးစားမှုမရှိဘူးလို့ သတင်းရေးမယ်ဆိုရင်တော့ အဲဒါက မမှန်ပါဘူး။ အက်ဖ်အေဖလားကို ကျွန်တော်တို့လေးစားတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ကစားနေတာပါ”ဟု ကလော့ပ်က ပြောကြားခဲ့သည်။

လီဗာပူးမှာ ကလော့ပ်လက်ထက်တွင် ကစားသမားဒဏ်ရာရမှု ၂၈ ကြိမ်ရှိထားကာ ယနေ့ညပွဲသည် ၃၇ ရက်အတွင်း လီဗာပူးကစားရသည့် ၁၀ ပွဲမြောက်ပွဲစဉ်ဖြစ်လာသည်။

comments

error: Content is protected !!