အာဖရိကအကောင်းဆုံးကစားသမားဆုကို ယာယာတိုရေးအားကျော်ဖြတ်ပြီး အူဘာမီယန်ရရှိ
|
ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်သည် အာဖရိကဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အိုင်ဗရီကို့စ်ကစားသမားယာယာတိုရေးအား အမှတ်အနည်းငယ်အသာဖြင့် ရရှိသွားခဲ့ကြောင်း သိရှိရသည်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဝင်နိုင်ငံများမှ နည်းပြများ၊ နည်းစနစ်ဒါရိုက်တာများက မဲပေးမှုအရ အူဘာမီယန်မှာ ၁၄၃ မှတ်၊ မန်စီးတီးကွင်းလယ်လူ ယာယာတိုရေးက ၁၃၆ မှတ် ရရှိခဲ့ကြပြီး အသက် ၂၆ နှစ်အရွယ် အူဘာမီယန်မှာ ထိုဆုရရှိသည့် ပထမဆုံးဂါဘွန်ကစားသမားဖြစ်လာခဲ့ပြီး ဂါနာနှင့် ဆွမ်ဆီးကွင်းလယ်လူ အန်ဒရီအာယူးမှာ ၁၁၂ မှတ်ဖြင့် တတိယရရှိသွားသည်။
အူဘာမီယန်သည် ယခုရာသီတွင် ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်အဖြစ် ၁၇ ပွဲကစားအပြီးတွင် ၁၈ ဂိုးသွင်းယူကာ ဦးဆောင်လျက်ရှိသည်။
ယာယာတိုရေးမှာ ပြီးခဲ့သည့် ၄ နှစ်လုံး ထိုဆုအား သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပြီး အိုင်ဗရီကို့စ်အား ပြီးခဲ့သည့်ဖေဖော်ဝါရီလက အာဖရိကဖလားရရှိအောင် ဦးဆောင်ပေးခဲ့ကာ ဘီဘီစီ၏ ၂၀၁၅ ခုနှစ် အကောင်းဆုံးအာဖရိက ကစားသမားဆု ရရှိထားသည်။
အိုင်ဗရီကို့စ်အား အာဖရိကဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဟာဗီရီနာ့ဒ်မှာ အကောင်းဆုံးနည်းပြဆုရရှိခဲ့ပြီး ၎င်းသည် ၂၀၁၂ ခုနှစ်ပြိုင်ပွဲတွင် ဇမ်ဘီယာနှင့်အတူ အာဖရိကချန်ပီယံဖြစ်ခဲ့ဖူး၍ ထိုဖလားအား နိုင်ငံ ၂ နိုင်ငံကို နည်းပြအဖြစ်တာဝန်ယူပြီး ပထမဆုံးရရှိသူဖြစ်ခဲ့သည်။
Next : ဖေဖော်ဝါရီလမှသာ ကော်တင်ညို ပြန်ကစားနိုင်မည်