ဆားဘီးယားထိပ်တန်းကလပ် ရက်စတားဘဲလ်ဂရိတ်၏ အကောင်းဆုံးလူငယ်ကစားသမားရာဂျစ်အား လီဗာပူးလက်ဦးမှုယူခေါ်ယူ
|
လီဗာပူးအသင်းသည် ရက်စတားဘဲလ်ဂရိတ်အသင်းမှ လူငယ်ကွင်းလယ်ကစားသမား ရာဂျစ်အားပေါင်၅.၁သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်းသိရသည်။
အသက်၁၉နှစ်အရွယ်ရှိဆားဘီးယားလူငယ်ကွင်းလယ်ကစားသမားသည် လာမည့်ဇူလိုင်၁ရက်တွင် လီဗာပူးအသင်းသို့ လာရောက်ပူးပေါင်းမည်ဖြစ်ကာ ယခုနှစ်ရာသီကုန်ချိန်အထိ ရက်စတားဘဲလ်ဂရိတ်အသင်းတွင် ရာသီဝက်အငှားစာချုပ်ဖြင့် ဆက်လက်ကစားရမည်ဖြစ်သည်။
၂၀၁၅ယူ၂၀ကမ္ဘာ့ဖလားဆုရခဲ့သည့် ဆားဘီးယားအသင်းတွင် ပါဝင်ခဲ့သူ ရာဂျစ်က”ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိတယ်။ဒီအသင်းမှာရှိနေမယ့်အတွက် ဂုဏ်လည်းယူမိတယ်”ဟုပြောခဲ့သည်။
ယင်းလူငယ်ကစားသမားအား အန်ဒါလက်ခ်ျ၊စတုဂတ်၊စီအက်စ်အေကေမော်စကိုနှင့် ဇင်းနစ်အသင်းတို့ကလည်း စိတ်ဝင်စားခဲ့ကာ လီဗာပူးအသင်းကလက်ဦးမှုယူခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရာဂျစ်သည် ဆားဘီးယားယူ၂၁အသင်းတွင်ရွေးချယ်ခံထားရပြီးရက်စတားဘဲလ်ဂရိတ်အသင်းအတွက် ယခုနှစ်ရာသီတွင် ၂၂ပွဲကစားပေးကာ ၅ဂိုးသွင်းယူထားကြောင်းသိရသည်။
ရာဂျစ်သည် ကလော့ပ်ရာထူးမှခန့်အပ်ခံရပြီး ၎င်း၏ပထမဦးဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့ကာ “သူက လူတော်တစ်ယောက်ပါ။ လူငယ်ဆိုပေမယ့် ရက်စတားရဲ့ အဓိကကစားသမားဖြစ်နေပြီ။ ဒီကလပ်က ဆားဘီးယားရဲ့ အကောင်းဆုံးအသင်းလေ။ အရပ်အမောင်းကောင်းတယ်။ လျင်မြန်တယ်။ နည်းစနစ်ကောင်းတယ်။ သူက ဖြတ်တင်ဘောရော အလိမ်အခေါက်ရောကောင်းသူ”ဟု လီဗာပူးနည်းပြကလော့ပ်ကမှတ်ချက်ပြုခဲ့သည်။
Next : ပွဲချိန်ပြည့် အသင်းအပေါ် လှောင်ပြောင်ခဲ့သည့်မီလန်ပရိသတ်များကို စာနာနားလည်ကြောင်း နည်းပြမီဟိုင်းလိုဗစ် ထုတ်ဖော်ပြောကြား