ဂွါဒီယိုလာနှင့်မနှိုင်းယှဉ်ရန် ဇီဒန်းတောင်းဆို
|
ရီးရဲလ်နည်းပြသစ် ဇီဒန်းက မိမိအား ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာနှင့်နှိုင်းယှဉ်ခြင်းမှာ လွန်ကျွံရာကျသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
အသက် ၄၃ နှစ်အရွယ် ဇီဒန်းကို တနင်္လာနေ့က နည်းပြဟောင်းဘင်နီတက်ဇ်နေရာတွင် အစားထိုးခဲ့သဖြင့် ဘာစီလိုနာကို ဂွါဒီယိုလာတာဝန်ယူစဉ်ကကဲ့သို့အခြေအနေမျိုးဖြစ်သည်ဟု သုံးသပ်ချက်များထွက်ပေါ်လာခြင်းကို ဇီဒန်းက”ကျွန်တော့်ကို ဂွါဒီယိုလာနဲ့ မနှိုင်းယှဉ်ထိုက်ပါဘူး။ သူအောင်မြင်မှုရထားတာတွေက အံ့မခန်းတွေပါ။ ဂွါဒီယိုလာက အရမ်းတော်တဲ့နည်းပြပါ။ သူစွမ်းဆောင်နေတာတွေက အရမ်းသဘောကျစရာပါ။ ဒါပေမဲ့ ဂွါဒီယိုလာက ဂွါဒီယိုလာပဲ။ ကျွန်တော့်ဘက်ကတော့ အကောင်းဆုံးကြိုးစားမှာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်သူနဲ့မှ နှိုင်းယှဉ်မှာမဟုတ်ဘူး။ ကစားသမားဘ၀တုန်းကလည်း အဲဒီလိုမလုပ်ဘူး။ အခုလည်း လုပ်မှာမဟုတ်ဘူး”ဟု ဆိုသည်။
ဂွါဒီယိုလာမှာလည်း ဘာစီလိုနာကစားသမားဟောင်းဖြစ်ပြီး (ခ)အသင်းကို နည်းပြတာဝန်ယူပြီးနောက် အသင်းကြီးနည်းပြအဖြစ် သမိုင်းဝင်အောင်မြင်မှုများရယူပေးခဲ့ကာ ၎င်းတာဝန်ယူစဉ် ၄ နှစ်အတွင်း ဖလား ၁၄ လုံးရခဲ့ရာတွင် ပွဲဦးထွက်ရာသီ ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလားများ ပါဝင်ခဲ့သည်။
ဆက်စပ်သတင်းများအရ ဇီဒန်းသည် ဂါရတ်ဘေးလ်အား အဓိက ကစားသမားအဖြစ် ဆက်လက်ကစားစေမည်ဟု ပြောကြားခဲ့ကြောင်းနှင့် ၎င်း၏အသင်းကြီးနည်းပြဘ၀ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို ပရိသတ် ၆၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
Next : အဒီဘာယောကိုခေါ်ယူရန် ခရစ္စတယ်ပဲလေ့စ်ဆွေးနွေးနေ