ရွိုင်ယန်ဂစ်ရှိခြင်းကြောင့် ဂါရတ်ဘေးလ်ကိုခေါ်ယူနိုင်ရန် မန်ယူမျှော်လင့်နေ
|
မန်ယူအသင်းသည် ဂါရတ်ဘေးလ်အား ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့် ယခုလအတွင်းခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ဂါရတ်ဘေးလ်မှာ ရီးရဲလ်နည်းပြဖြစ်သူ ဘင်နီတက်ဇ်ကို အသင်းမှထုတ်ပယ်လိုက်ပြီးနောက် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးပေးခံရမှုများ မြင့်တက်လာနေပြီး ထိုအခြေအနေများကြောင့် ၂၀၁၃ ခုနှစ်က စပါးမှ ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဘေးလ်အား ခေါ်ယူလိုနေသည့် မန်ယူအတွက် အခွင့်အလမ်းဖြစ်လာခဲ့သည်။
မန်ယူမှာ ရီးရဲလ်သို့ ဂါရတ်ဘေးလ်ရောက်ရှိပြီးချိန်ကတည်းကစ၍ အပြောင်းအရွှေ့ကာလတိုင်းတွင် ၎င်းကိုခေါ်ယူရန် စုံစမ်းမှုများပြုလုပ်ခဲ့ပြီး ယခုအချိန်တွင်လည်း ၎င်းကိုခေါ်ယူရေးမှာ နွေရာသီရောက်မှသာ ပိုမိုအဆင်ပြေမည်ဖြစ်သော်လည်း လက်ရှိအပြောင်းအရွှေ့ကာလတွင်လည်း မန်ယူက ကြိုးစားလိမ့်မည်ဟု ပြည်ပသတင်းများတွင် ဖော်ပြလျက်ရှိသည်။
ဂါရတ်ဘေးလ်၏ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအား မန်စီးတီးနှင့် ချဲလ်ဆီးတို့ကလည်း ပေးချေနိုင်သော်လည်း ဂါရတ်ဘေးလ်မှာ ၎င်း၏ငယ်ဘ၀သူရဲကောင်း ရွိုင်ယန်ဂစ်ရှိသည့် မန်ယူကို အင်္ဂလန်သို့ပြန်လည်ခြေချလျှင် ပိုမိုအလေးထားစဉ်းစားဖွယ်ရှိနေကြောင်း သိရသည်။
ရီးရဲလ်နည်းပြသစ် ဇီဒန်းက အင်္ဂါနေ့က ပြောကြားရာတွင် ဂါရတ်ဘေးလ်မှာ ဘင်နီတက်ဇ်ထုတ်ပယ်ခံရသဖြင့် ပျော်ရွှင်ခြင်းမရှိဟုဆိုထားပြီး ထိုကစားသမားကို အသင်းတွင် အဓိက ကစားသမားအဖြစ် ဆက်လက်အသုံးပြုသွားမည်ဟု ဖွင့်ဟထားသည်။
“ဂါရတ်ဘေးလ်က ဘင်နီတက်ဇ်ထုတ်ခံရလို့ စိတ်ပျက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘင်နီတက်ဇ်က သူ့အတွက် အရေးပါတဲ့နည်းပြဖြစ်လို့ပါ။ ဒါပေမဲ့ သူ့ကို ဘင်နီတက်ဇ်ဆက်ဆံခဲ့သလိုပဲ ကျွန်တော်တို့ ဆက်ဆံသွားမှာပါ”ဟု ဇီဒန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
Next : ဆားဘီးယားထိပ်တန်းကလပ် ရက်စတားဘဲလ်ဂရိတ်၏ အကောင်းဆုံးလူငယ်ကစားသမားရာဂျစ်အား လီဗာပူးလက်ဦးမှုယူခေါ်ယူ