တူရန်နှင့် ဗီဒယ်လ် ယခုသီတင်းပတ်တွင် ဘာကာအတွက် ပွဲထွက်မည်
|
ဘာစီလိုနာက နွေရာသီတွင်ခေါ်ယူခဲ့သည့် အဲလက်စ်ဗီဒယ်လ်နှင့် အာဒါတူရန်တို့သည် ဘာစီလိုနာအသင်းကို ကစားသမားမှတ်ပုံတင်ခွင့် ၁၄ လကြာပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်ထားမှု သက်တမ်းပြည့်သွားပြီဖြစ်၍ ယခုသီတင်းပတ်တွင် ပွဲဦးထွက်ကစားနိုင်တော့မည်ဟု သိရှိရသည်။
နောက်ခံလူဗီဒယ်လ်မှာ ဆီဗီလာမှ ပေါင် ၁၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကျောနံပါတ် ၂၂ ၀တ်ဆင်မည်ဖြစ်ကာ တူရန်မှာ အက်သလက်တီကိုမှပြောင်းရွှေ့လာပြီး ကျောနံပါတ် ၇ ၀တ်ဆင်ကစားမည်ဖြစ်သည်။
ထိုကစားသမား ၂ ဦးမှာ ဗုဒ္ဓဟူးနေ့တွင်ကစားမည့် အက်စ်ပန်ညိုနှင့် စပိန်ဘုရင့်ဖလားပွဲစဉ်ကို တရားဝင်ကစားခွင့်ရရှိမည်ဖြစ်ပြီး ဗီဒယ်လ်က “လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးအခြေအနေရှိဖို့ ကျွန်တော်တို့လပေါင်းများစွာ လေ့ကျင့်နေတာကို နည်းပြက သိပါတယ်”ဟု ဆိုသည်။
တူရန်မှာ တူရကီလက်ရွေးစင်အသင်းအတွက် ၈၇ ပွဲကစားထားပြီး အက်သလက်တီကိုတွင်ကစားစဉ်က လာလီဂါဖလားရရှိခဲ့ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည်။
ညာနောက်ခံလူ ဗီဒယ်လ်မှာ ဆီဗီလာကို ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ်တွင်အောင်မြင်မှုရစေရန် အဓိကပါဝင်ခဲ့သူဖြစ်ပြီး ဒန်နီအယ်လ်ဗက်စ်နေရာအား ဖြည်းဖြည်းချင်းအစားဝင်မည့်သူဟု ခန့်မှန်းခံထားရသည်။
ဘာစီလိုနာမှာ နိုင်ငံတကာလူငယ်ကစားများကို စာချုပ်ခေါ်ယူရာတွင် စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖီဖာ၏ ကစားသမားသစ်မှတ်ပုံတင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး အယူခံဝင်ရာတွင်လည်း ဖီဖာတွင်သာမက အားကစားဆိုင်ရာဖျန်ဖြေရေးခုံရုံးတွင်လည်း ပယ်ချခံခဲ့ရသည်။
Next : ဆန်းဒါးလန်းနှင့် အက်ဖ်အေပွဲစဉ်တွင် အဓိက ကစားသမားများကို အာဆင်နယ်အနားပေးဖွယ်ရှိ