ဘင်နီတက်ဇ်အလွန် ဇီဒန်းအရောက် သောင်းပြောင်းထွေလာ
|
ဘင်နီတက်ဇ်ကို ဘာလို့ထုတ်ပယ်ရသလဲ
တစ်ချိန်က ရီးရဲလ်လူငယ်အသင်းတွေကို နည်းပြအဖြစ်တာဝန်ယူဖူးတဲ့ ဘင်နီတက်ဇ်ကို ထုတ်ပယ်ဖို့အတွက် ဒါရိုက်တာဘုတ်အဖွဲ့က ဘာကြောင့် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့လဲဆိုတာ ဥက္ကဋ္ဌပီရက်ဇ်က ထုတ်ဖော်ပြောကြားမှုမရှိသေးပါဘူး။
တနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ပီရက်ဇ်က”သူဟာ ပရော်ဖက်ရှင်နယ်ပီသတဲ့ လူတော်တစ်ယောက်ဆိုတာ အားလုံးသိအောင် ကျွန်တော်ပြောချင်ပါတယ်။ ရီးရဲလ်နည်းပြအဖြစ်တာဝန်ယူနေချိန်မှာ ဘင်နီတက်ဇ်ရဲ့ကြိုးပမ်းခဲ့မှုတွေကို ကျွန်တော်အသိအမှတ်ပြုပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘင်နီတက်ဇ်ဟာ ရီးရဲလ်ကို ပဲ့ကိုင်ချိန်မှာ စုစုပေါင်း ၂၅ ပွဲအနက် ၃ ပွဲသာ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုပွဲစဉ် ၂ ပွဲကျန်ချိန်မှာ နောက်တစ်ဆင့်တက်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
မယ်လ်မိုကို အိမ်ကွင်းမှာ ၈ ဂိုးပြတ်နိုင်ခဲ့ပြီး ၁၉၆၀ နောက်ပိုင်း ရီးရဲလ်ရဲ့ပထမဆုံး ဂဏန်း ၂ လုံးနဲ့နိုင်ပွဲဖြစ်တဲ့ ၉ ယောက်ကျန် ဗယ်လက်ကာနိုကို ၁၀-၂ နဲ့ အနိုင်ရခဲ့တာတွေက သူ့ရဲ့ ၇ လ ကြာနည်းပြဘ၀မှာ အအောင်မြင်ဆုံးအချိန်တွေဖြစ်ခဲ့ပါပေမယ့် ကွင်းတွင်း၊ ကွင်းပြင် အချက်အလက်ပေါင်းစပ်မှုတွေအရ သူ့ရဲ့ကျဆုံးခန်းကို ဦးတည်သွားခဲ့ပါတယ်။
အဲဒီအချက်တွေထဲကတစ်ခုကတော့ နိုဝင်ဘာလတုန်းက မဟာပြိုင်ဘက် ဘာစီလိုနာကို အိမ်ကွင်းမှာ ၄ ဂိုးပြတ် ဒူးထောက်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုနဲ့အဆင်မပြေဖြစ်တယ်လို့ သတင်းထွက်လာသလို သူ့ရဲ့ခံစစ်ပိုင်းမဟာဗျူဟာကိုလည်း ဝေဖန်ခံခဲ့ရပါတယ်။
အစားထိုးမှုမှန်ကန်ရဲ့လား
ထိပ်တန်းကလပ်နည်းပြအဖြစ် အတွေ့အကြုံမရှိတဲ့ ဇီဒန်းလိုလူမျိုးကို နည်းပြအဖြစ်ခန့်အပ်လိုက်တာက စွန့်စားလွန်းရာကျပေမယ့် သူ့ကို အနာဂတ်ရီးရဲလ်နည်းပြအဖြစ် သတ်မှတ်ခံထားရတာတော့ ကြာပါပြီ။
ဇီဒန်းဟာ စပိန်တတိယတန်းမှာ ၀င်ကစားနေတဲ့ ရီးရဲလ်(ခ)အသင်းကို ၂၀၁၄ ကတည်းက နည်းပြတာဝန်ယူနေတာဖြစ်ပြီး အဲဒီအချိန်တုန်းက ရီးရဲလ်ကို ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရစေခဲ့တဲ့ နည်းပြအန်စလော့တီရဲ့နည်းပြအဖွဲ့ထဲမှာ အဓိကကျခဲ့သူဖြစ်ပါတယ်။
သူရဲ့ကစားသမားဘ၀တုန်းကလည်း ဇီဒန်းဟာ ရီးရဲလ်ကြယ်စင်စုရဲ့သော့ချက်ဖြစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွေတုန်းက ရီးရဲလ်ဥက္ကဋ္ဌအဖြစ် ပထမအကြိမ်တာဝန်ယူခဲ့တဲ့ ပီရက်ဇ်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ဈေးကြီးပေးခေါ်ယူခဲ့လို့ ကြယ်စင်စုအသင်းလို့ နာမည်ကြီးခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ ရီးရဲလ်ဟာ အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၄၅.၈ သန်းနဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုချန်ပီယံကစားသမား ဇီဒန်းကို ဂျူဗင်တပ်ကနေ ခေါ်ယူခဲ့ပါတယ်။
ဘာနေဗျူးမှာတော့ ဇီဒန်းဟာ ဖီဂို၊ ရာအူးလ်၊ ရော်နယ်ဒို(ဘရာဇီး)တို့နဲ့ တစ်သင်းတည်းကစားခဲ့ပြီး ကွင်းလယ်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဘက်ခမ်းနဲ့အတူ ခြေစွမ်းပြခဲ့ပါတယ်။
သူအနားမယူခင် ၅ နှစ်အတွင်းမှာ ရီးရဲလ်ကို ၂၀၀၃ ခုနှစ် လာလီဂါချန်ပီယံဖြစ်စေခဲ့ပြီး ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်မြောက် ရရှိခဲ့ပါတယ်။
သုံးသပ်ချက်
စပိန်ဘောလုံးကလောင်ရှင် အန်ဒီဝက်စ်
“မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ ၁-၁ သရေကျခဲ့တဲ့ အောက်တိုဘာပွဲစဉ်အပြီးမှာ ပထမဆုံးအကြိမ် အကြီးအကျယ်ဝေဖန်ခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီဝေဖန်ချက်တွေက နိုဝင်ဘာလ အယ်လ်ကလက်စီကိုမှာ ဘာကာကို ၄ ဂိုးပြတ်ရှုံးတော့ အပြင်းအထန်နှိပ်ကွပ်ခံရတာနဲ့ နှိုင်းယှဉ်လိုက်ရင် မပြောပလောက်ပါဘူး။ အဲဒီပွဲရလဒ်က လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်ကို ထုတ်ပစ်ဆိုပြီး ဘာနေဗျူးကွင်းထဲမှာ ကြွေးကြော်သံတွေ ညံစေခဲ့တယ်။ ဘင်နီတက်ဇ်က အဲဒီဒဏ်ရာဒဏ်ချက်ကနေ ပြန်ပြီးနလန်ထလာပေမယ့် သူထွက်ခွာရမယ့်အချိန်နွံထဲကနေတော့ ရုန်းမထွက်နိုင်ခဲ့ဘဲ ဘာနေဗျူးမှာ အသင်းလူစာရင်းကြေညာတိုင်း ဘင်နီတက်ဇ်နာမည်နောက်က လှောင်ပြောင်သံတွေ တိတ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီတော့ သူထွက်သွားရတာက အံ့သြစရာမရှိဘဲ ဘင်နီတက်ဇ်ရဲ့ရီးရဲလ်နည်းပြခေတ်ဟာ အဆုံးမဲ့ဖိအားတွေနဲ့အတူ ဇာတ်သိမ်းသွားခဲ့ရတယ်”
ဘင်နီတက်ဇ်ရဲ့ နောက်ခရီး
ဘင်နီတက်ဇ်ကို လီဗာပူးနဲ့ ဗလင်စီယာမှာ မေတ္တာတွေရှိပေမယ့် နည်းပြဘ၀ကျော်ကြားမှုကတော့ နာပိုလီ၊ ရီးရဲလ်တို့မှာ တာဝန်ယူပြီးတော့ ပွန်းပဲ့သွားခဲ့ပါတယ်။
အန်ဖီးလ်ပဲ့ကိုင်ရှင်အဖြစ် ချန်ပီယံလိဂ်ဖလား၊ ဗလင်စီယာနဲ့ ယူအီးအက်ဖ်အေဖလားတွေရခဲ့ပြီး ၂၀၁၃ မေလမှာ နာပိုလီနည်းပြရာထူးကို ဝေါ်လ်တာမက်ဇာရီဆီကနေ ရယူခဲ့တယ်။
ပထမရာသီမှာ ကိုပါအီတာလီယာဖလားနဲ့ ချိုမြိန်မှုတွေစားသုံးခဲ့ရပေမယ့် ဒုတိယနဲ့ နောက်ဆုံးရာသီမှာ ခါးသီးမှုတွေ ပြန်ရလိုက်တယ်။
ဟီဂူအင်၊ ကယ်လီဂျွန်၊ အယ်လ်ဘီအိုနဲ့ မာတင်တို့ကို ပြောင်းရွှေ့ကြေးအမြင့်တွေနဲ့ခေါ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘဲ အလှည့်ကျပွဲထုတ်ပုံနဲ့ ၄-၂-၃-၁ ကစားပုံကို ခေါင်းမာမာနဲ့ ဆက်သုံးခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရတယ်။
ပြီးခဲ့တဲ့လတုန်းက ၀က်စ်ဟမ်းပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလေဗန်က ဘင်နီတက်ဇ်ကို ရီးရဲလ်နည်းပြအဖြစ် မခန့်အပ်ခင်မှာ ၀က်စ်ဟမ်းနည်းပြအဖြစ် ခေါ်ယူဖို့အတွက် ၂ နာရီလောက်ပဲ လိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဘင်နီတက်ဇ်ဟာ သူ့ရာဇ၀င်မှာ ဖလားနည်းပါးသူမဟုတ်ဘဲ ချဲလ်ဆီးပရိသတ်တွေကို သဘောကျအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ခဏတာနည်းပြဘ၀မှာ ယူရိုပါလိဂ်ဖလားရခဲ့ပေမယ့် ဒီမက်တီယိုနဲ့ အစားထိုးခံရပြီး အင်တာမီလန်မှာလည်း ကမ္ဘာ့ကလပ်ချန်ပီယံဖလားနဲ့ အီတလီစူပါဖလားတွေ ရခဲ့ပါတယ်။
အဲဒီတော့ အခုအချိန်အထိ လီဗာပူးမှာ မိသားစုအိမ်ရှိနေသေးတဲ့ ဒီနည်းပြရဲ့လားရာကတော့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။
မော်ရင်ညိုနဲ့ ရီးရဲလ်တွဲမြင်ရဦးမလား
ဇီဒန်းကိုခန့်အပ်လိုက်ပြီးနောက်မှာ ရီးရဲလ်ဟာ အရင်နာမည်ကြီးနည်းပြဟောင်းတွေကို ထည့်မတွက်တော့ဘူးဆိုတာ ရှင်းသွားပါတယ်။
မော်ရင်ညိုဟာ ၂၀၁၂ မှာ ရီးရဲလ်ကို လာလီဂါဖလားရစေခဲ့ပြီး ပြီးခဲ့တဲ့လက ချဲလ်ဆီးက ထုတ်ပယ်ခံလိုက်ရလို့ လတ်တလောမှာ အသင်းမဲ့နေပါတယ်။
သူဟာ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားမရခဲ့လို့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်ရှိတယ်လို့ ဆိုရမှာဖြစ်ပေမယ့် ရော်နယ်ဒိုနဲ့အဆင်မပြေဖြစ်ခဲ့တာ၊ ရာမို့စ်၊ ကာဆီးလက်စ်တို့လို ပရိသတ်အကြိုက်ကစားသမားတွေနဲ့ အဖုအထစ်တွေရှိခဲ့တာတော့ ရှိပါတယ်။
မော်ရင်ညိုကို ချဲလ်ဆီးက ထုတ်ပယ်ပြီးနောက်မှာ ပီရက်ဇ်ကတော့ စပါယ်ရှယ်ဝမ်းအတွက် ဘာနေဗျူးအပြန်ခရီးဆိုတာ မရှိဘူးလို့ ပြောထားပါတယ်။
ဘောလုံးလောကမှ မှတ်ချက်များ
ရီးရဲလ်ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်
“ပီရက်ဇ်က မြို့ပြအင်ဂျင်နီယာပဲ။ ခင်ဗျားနဲ့ ကျွန်တော့်ကို တံတားတစ်စင်းဆောက်ခိုင်းရင်တော့ သေချာတာက အဲဒီတံတားပြိုကျလိမ့်မယ်။ အန်စလော့တီကို အားလုံးက သဘောကျနေချိန်မှာ သူက ထုတ်ပစ်လိုက်တယ်။ ဇီဒန်းကို ကံကောင်းပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ဒါပေမဲ့ ခက်တော့ ခက်လိမ့်မယ်။ သူမအောင်မြင်ရင် လာမည့်ဇွန်လမှာ နည်းပြနေရာကို မော်ရင်ညိုရောက်လာမှာ အသေအချာပါပဲ။ ပီရက်ဇ်က အပြောင်းအလဲလုပ်ဖို့ ဘာမှမပြောခဲ့ဘူး။ ဘာကြောင့်လဲ။ ရီးရဲလ်ရဲ့တကယ့်ဇာတ်လမ်းမှန်က အဲဒါပဲ။ ကစားသမားတွေက ဇီဒန်းကို သဘောကျတယ်။ သူက ရီးရဲလ်နဲ့အတူ အားလုံးအောင်မြင်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို အကောင်းဆုံးပုံစံနဲ့ကြိုဆိုကြမှာ သေချာပါတယ်”
ရီးရဲလ်နည်းပြဟောင်း ဂျွန်တိုရှက်
“ရီးရဲလ်ကို ကျွန်တော်တာဝန်ယူခဲ့တာ နှစ်ပေါင်း ၃၀ ရှိခဲ့ပြီး။ ဒီအသင်းကို ၂ နှစ်တာဝန်ယူရရင် ဘယ်သူ့အတွက်ဆမဆို လုံလောက်ပြီလို့ တွေးခဲ့ဖူးတာ မှတ်မိတယ်။ အဲဒီအသင်းမှာက အားလုံးနိုင်မှဖြစ်မှာ။ နိုင်ပြီးတော့လည်း အရမ်းအောင်မြင်မှ ရပ်တည်နိုင်မယ်။ အရင်က အခြေအနေနဲ့တော့ အတူတူပါပဲ။ ဘာကာကို ၄ ဂိုးပြတ် ရှုံးလိုက်တာနဲ့ ဘင်နီတက်ဇ်အတွက် အားလုံးဆိုးကုန်တော့တာပဲ။ ဥက္ကဋ္ဌက ဖိအားအောက်ရောက်နေတော့ အလွယ်လမ်းကို ရွေးလိုက်တာပဲ။ ဇီဒန်းက ကစားသမားကောင်းဆိုပေမယ့် နည်းပြအတွေ့အကြုံက သုညပဲရှိသေးတယ်။ ဒါက ပီရက်ဇ်ရဲ့ နောက်ဆုံးအံစာပစ်ချက်ပဲ။ သူက ဇီဒန်းကို အမြဲတမ်းစံပြအဖြစ်ထားတယ်။ ဇီဒန်းက အခုဆိုရင် ဥက္ကဋ္ဌအတွက် လူသားဒိုင်းဖြစ်သွားပြီ။ ဒီတစ်ကွက်နဲ့အဆင်မပြေရင်တော့ အသင်းထိပ်ပိုင်းရာထူးတွေ အပြောင်းအလဲဖြစ်လာလိမ့်မယ်”
ဘန်လေကစားသမား ဂျိုယေးဘာတန်
“ပခုံးချင်းယှဉ်ပြေးနေရတဲ့ အပြေးပြိုင်ပွဲလိုပဲ။ ဥရောပဖလားမရတဲ့နည်းပြဆိုရင် လစ်လိုက်တော့လို့ အပြောခံရမယ်။ ဒီလိုအသင်းကြီးတွေက ဘယ်အချိန်အထိ အခုလိုအပြောင်းအလဲတွေ လုပ်နေကြမှာလဲ။ ရီးရဲလ်မှာ ဥက္ကဋ္ဌရာထူးအတွက် ပြိုင်ဆိုင်မှုဘယ်လောက်နက်နဲလဲဆိုတာ မေ့ထားလို့မရဘူး။ သူတို့က ဘောလုံးလောကနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ ဆောက်လုပ်ရေးလုပ်တဲ့အင်ဂျင်နီယာက ဒီလိုကလပ်မျိုးကို ဥက္ကဋ္ဌတာဝန်ယူထားတာ ဘယ်နှသင်းများရှိလို့လဲ”
Ref: BBC
Next : ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ For sports ရုပ်သံလိုင်းမှ ပြသမည်