ဘားကမ့်နဲ့ တန်းညီဖို့ အိုဇဲလ်အတွက် ပရီးမီယားလိဂ်ဖလားလိုတယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4

သူ့ရဲ့အချက်အလက်တွေက အံ့အားသင့်စရာဖြစ်ပေမယ့် လောလောဆယ်မှာတော့ ဒါတွေက ဘာမှအရာမထင်သေးပါဘူး။ သူက စံချိန်ရှင်ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံနေရပေမယ့် ဘာဖလားမှမရဘူးဆိုရင် အဲဒီအချက်အလက်တွေက ဘာအဓိပ္ပာယ်ရှိမှာလဲ။

အခုပြောခဲ့တာတွေက ဒီနှစ်ပထမရာသီဝက်မှာ အကောင်းဆုံးစွမ်းဆောင်ထားတဲ့ အိုဇဲလ်အတွက်ပါ။ ၂၀၁၆ ထဲရောက်ရှိချိန်မှာ သူက အာဆင်နယ်ကို ပြည်တွင်းအမှတ်ပေးပွဲဦးဆောင်သူဖြစ်စေဖို့ အဓိကအချက်ဖြစ်နေစေပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ်ပံ့ပိုးထားတာကလည်း အံ့အားသင့်စရာပါ။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အခုလိုအချိန်မှာ အဲဒီအရေအတွက်မျိုး ဘယ်သူမှ မဖန်တီးနိုင်ခဲ့ပါဘူး။

ဒီလိုအစွမ်းတွေပြနေတော့ အိုဇဲလ်ကို တချို့က ဒင်းနစ်ဘားကမ့်နဲ့ တန်းညီတယ်လို့ ဆိုလာကြတယ်။ တချို့ကတော့ ဘားကမ့်ဟာ သူ့ရဲ့အကောင်းဆုံးအချိန်မှာတောင် အခုလိုဂိုးဖန်တီးမှုမျိုးကို တစ်ရာသီအတွင်း မလုပ်ပေးနိုင်ခဲ့လို့ အိုဇဲလ်က ဘားကမ့်ထက် သာသွားပြီလို့ ဆိုကြပြန်ပါတယ်။

ဒါပေမဲ့ အိုဇဲလ်နဲ့ ဘားကမ့်ကို အချက်အလက်တွေအရ နှိုင်းယှဉ်နေတာကတော့ အဓိပ္ပာယ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘားကမ့်ဆိုတာ သူဆွတ်ခူးခဲ့သမျှဖလားတွေကိုဖယ်ထားလိုက်ရင်တောင် လန်ဒန်မြောက်ပိုင်းမှာ ဘောလုံးကစားဟန်အသစ်ဖြစ်လာစေဖို့ ကူညီပေးခဲ့သူဖြစ်လို့ အမ်းမရိတ်စ်ကွင်းပြင်မှာတောင် ပုံတူကြေးရုပ်တူထားရှိထားရသူပါ။ သူ့ရဲ့ကစားဟန်ကလည်း အဓိပ္ပာယ်ပြည့်ဝပါတယ်။

ဘားကမ့်ဟာ အာဆင်ဝင်းဂါးရဲ့ပထမဆုံး ဖလား ၂ လုံးရ ရာသီမှာ အဓိက ကစားသမားဖြစ်ခဲ့ပြီး သူ့ခြေစွမ်းတွေကြောင့်ပဲ ၁၉၉၈ ခုနှစ်မှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရခဲ့ပါတယ်။ ကျွန်တော်တို့က သူဘယ်လောက်ခြေစွမ်းပြနိုင်လဲဆိုတာကို မှတ်မိနေကြတာပါ။ အဲဒီဘောလုံးရာသီမှာ ၁၁ ဂိုးဖန်တီးပေးခဲ့တာကို မှတ်မိနေတာ မဟုတ်ပါဘူး။ ၇ နှစ်တာကာလအတွင်းမှာ ပရီးမီးယားလိဂ် ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်ရခဲ့တာမှာလည်း သူက အဓိက ကစားသမားဆိုတာကို စွဲစွဲထင်ထင်ကြီးမှတ်မိနေပါတယ်။ ၁၉၉၅ တုန်းက သူ့ကိုခေါ်ယူစာချုပ်ခဲ့ပြီး ဘားကမ့်ဟာ အာဆင်နယ်ကို မတူညီတဲ့လမ်းကြောင်းကို ရောက်ရှိစေလိမ့်မယ်လို့ မျှော်လင့်ချက်ရှိခဲ့ကြပါတယ်။

တကယ်လည်း အဲဒီလိုဖြစ်ခဲ့ပါတယ်။ ဘားကမ့်အကြောင်း ကျွန်တော်ပြန်တွေးမိတော့ သူတို့ဖလားရတဲ့နှစ်တွေမှာ သူစွမ်းဆောင်ခဲ့တဲ့အချက်အလက်တွေဖြစ်တဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်(၂၀၀၁-၀၂)၊ ဂိုးဖန်တီးမှု ၇ ကြိမ် (၂၀၀၃-၀၄) တို့ကို မှတ်မှတ်ထင်ထင်မရှိဘဲ နယူးကာဆယ်ကွင်းမှာ နောက်ခံလူ ၂ ယောက်ကိုကျော်ဖြတ်ပြီး လှလှပပတစ်ပတ်လှည့်ကန်ချက်နဲ့ ဂိုးသွင်းခဲ့တာကိုတော့ မှတ်မိပါတယ်။ လက်စတာကို ဟက်ထရစ်သွင်းခဲ့တာနဲ့ ဟိုက်ဘူရီမှာ ဆောက်သမ်တန်ဘက်ကို အာဆင်နယ်အတွက် သူ့ရဲ့ပထမဆုံးဂိုးတွေ သွင်းခဲ့တာကလည်း အလွယ်တကူပြန်မှတ်မိစရာတွေပါပဲ။

အချက်အလက်တွေက အဲဒီလိုမှော်ဆန်တဲ့အခိုက်အတန့်တွေနဲ့ မနှိုင်းယှဉ်သာလောက်အောင် အတိတ်အရောင်ဖျော့တော့ပါတယ်။ ဒီလိုစဉ်းစားကြည့်လိုက်ပါ။ အွန်နရီဆိုတဲ့ ပရီးမီးယားလိဂ်သမိုင်းရဲ့ အခမ်းနားဆုံးကစားသမားကို သူသွင်းခဲ့တဲ့ဂိုးတွေ၊ သူရခဲ့တဲ့ဖလားတွေနဲ့ယှဉ်ပြီးမှတ်မိလား၊ ဒါမှမဟုတ် ၂၀၀၂-၀၃ မှာ ဂိုးဖန်တီးမှုစံချိန်တင်ခဲ့တဲ့ အကြိမ်ရေ ၂၀ နဲ့တွဲပြီး မှတ်မိလား။

ဒီရာသီမစခင်မှာ အဲဒီစံချိန်ကို အွန်နရီတင်ထားတယ်ဆိုတာ သိတဲ့သူ ဘယ်နှယောက်များရှိမှာလဲ။ မပြောပလောက်တဲ့ ပမာဏလောက်သာ အချက်အလက်အတိအကျတွေ ပြောနိုင်ပါလိမ့်မယ်။ အိုဇဲလ်က လက်ကျန်ရာသီဝက်မှာ ဒဏ်ရာမရခဲ့ရင်တော့ အွန်နရီရဲ့စံချိန်ကို ကျော်ဖြတ်သွားနိုင်ပေမယ့် ဖလားရ၊ မရဆိုတာကတော့ နှိုင်းယှဉ်မှုမှာ အရေးကြီးတုန်းပါပဲ။

အိုဇဲလ်ဟာ အာဆင်နယ်ရောက်စ ၂ နှစ်အတွင်း မရခဲ့တဲ့သူ့ခြေစွမ်းကို ပိုင်ဆိုင်နေပြီဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ပြီးခဲ့တဲ့ ၂ ရာသီက စုစုပေါင်းဖန်တီးမှု ( ၂၀၁၃-၁၄ မှာ ၉ ကြိမ်၊ ၂၀၁၄-၁၅ မှာ ၅ ကြိမ်) ထက် ဒီနှစ်မှာ ပံ့ပိုးမှုပိုများပြီး၊ ဂီရော့ဒ်နဲ့လည်း အချိတ်အဆက်မိနေပါတယ်။

သူ့ကိုဝေဖန်သူတွေ မှားကုန်ပြီလို့ ပြောနေကြပေမယ့် အဲဒါက အဓိက မဟုတ်ပါဘူး။ အိုဇဲလ်က ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ အာဆင်နယ်ကစားသမားဘ၀ကို စခဲ့သူပါ။ သူ့ကိုဝေဖန်ကြတယ်ဆိုတာကလည်း ပြီးခဲ့တဲ့ ၂ ရာသီမှာ သူ့အတွက်ပေးချေခဲ့ရတဲ့ ပမာဏနဲ့ လိုက်ဖက်မညီတဲ့ ခြေစွမ်းကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင် အိုဇဲလ်ဟာ ပြည်ပထိပ်တန်းကစားသမားတွေ ပရီးမီးယားလိဂ်နဲ့အထိုင်ကျဖို့ အချိန်သိပ်မယူရဘူးလို့ ကျွန်တော်စွဲထင်နေတဲ့အတွေး မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။ တခြားအမှတ်ပေးပြိုင်ပွဲတစ်ခုက ကစားသမားတစ်ယောက်ဟာ ကျွန်တော်တို့ပြည်တွင်းပြိုင်ပွဲမှာ အထိုင်ကျဖို့အတွက် အချိန် ၁၂ လ မလိုဘူးလို့ ကျွန်တော်က အမြဲတမ်းမြင်ခဲ့သူပါ။

ကန်တိုနာဟာ လိဒ်ကို ရာသီဝက်မှာရောက်လာပြီး ၁၉၉၁-၉၂ ရာသီမှာ ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ပြီးတော့ မန်ယူကိုပြောင်းပြီး ချန်ပီယံထပ်ဖြစ်စေခဲ့ပြန်ပါတယ်။ အွန်နရီက ဂျူဗင်တပ်ကနေ အာဆင်နယ်ကိုပြောင်းလာပြီး ပထမဆုံးရာသီမှာ ၂၆ ဂိုး သွင်းခဲ့ပါတယ်။ ဇိုလာက ချဲလ်ဆီးကို ၁၉၉၆ နိုဝင်ဘာမှာ ပြောင်းလာပြီး ၁၉၉၇ မေလမှာ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရခဲ့ပါတယ်။ ဒေးဗစ်ဆေးလ်ဗား၊ ယာယာတိုရေး၊ အဂူရိုတို့ကလည်း မန်စီးတီးမှာ အထိုင်ကျဖို့ အချိန်သိပ်မလိုခဲ့ပါဘူး။ လီဗာပူးမှာကစားသွားတဲ့ တောရက်စ်၊ အလွန်ဆို၊ ဆွာရက်ဇ်တို့ကလည်း အလားတူပါပဲ။

၂၀၀၉ ခုနှစ်တုန်းက ဂျာမနီ ယူ-၂၁ နဲ့အတူ အိုဇဲလ်တောက်ပလာပြီး အင်္ဂလန်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့အချိန်ကို ကျွန်တော်မှတ်မိနေတုန်းပါပဲ။ အဲဒီတုန်းက ဂျရတ်ကိုတောင် လီဗာပူးဝယ်သင့်တာ အဲဒီလိုကစားသမားလို့ ပြောခဲ့ဖူးပါတယ်။ ပြီးတော့ ၀ါဒါဘရီမင်ကို သူရောက်သွားပြီး ပစ်မှတ်ထားစရာ ကစားသမားဖြစ်လာတယ်။ နောက် ၁၂ လနေတော့ တောင်အာဖရိကကမ္ဘာ့ဖလားမှာ အစွမ်းပြန်ခဲ့ပြီး ရီးရဲလ်ကခေါ်ယူတာ ခံလိုက်ရပါတယ်။

၂၀၁၂ မှာ လာလီဂါဖလားရအောင် ကူညီပေးခဲ့လို့ စပိန်မှာ သူ့ပရိသတ်တွေရှိခဲ့ပြီး အခုလည်း လန်ဒန်မှာ အလားတူပုံစံမျိုး လုပ်ပြနေပါတယ်။ ဂန္ထ၀င်စာရင်းဝင်တဲ့ကစားသမားတွေဆိုတာ သူတို့ကစားတဲ့အသင်းတွေကို ကြီးကျယ်တဲ့အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်သူတွေပါ။ ကန်တိုနာက မန်ယူကို ဖလားရစေခဲ့သလိုမျိုး၊ ဂျရတ်က လီဗာပူးရဲ့ ၂၁ နှစ်ကြာ ဥရောပဖလားကိုင်မြှောက်ခွင့်ကင်းမဲ့နေမှုကို အဆုံးသတ်ပေးခဲ့သလိုမျိုးတွေပေါ့။

လာမယ့် ၁၉ ပွဲမှာ အိုဇဲလ်ရဲ့ခြေရောင်ခြေ၀ါတွေ ဆက်ပြီးတောက်ပနေပြီး ၀င်းဝါးကို ၂၀၁၄ နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေမယ်ဆိုရင်တော့ ပွဲကြီးတွေမှာ ခြေစွမ်းမပြဘူးလို့ ဂျာမနီဘောလုံးပရိသတ်တွေက သတ်မှတ်ထားတဲ့ ဒီကစားသမားဟာ အာဆင်နယ်ပရိသတ်တွေအမြင်မှာ ဂန္ထ၀င်ဖြစ်လာပါလိမ့်မယ်။

အဲဒီအချိန်မတိုင်ခင်အထိတော့ ဘားကမ့်နဲ့နှိုင်းယှဉ်ဖို့ကို စောင့်ဆိုင်းရဦးမှာပါ။ အဲဒီလို နှိုင်းယှဉ်ခံအဆင့်နဲ့ တန်းညီချင်ရင်တော့ အာဆင်နယ်ကို အိုဇဲလ်က ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်ခွင့်ရအောင် ကူညီစွမ်းဆောင်ပေးဖို့ လိုအပ်ပါတယ်။

Ref: Daily Mail တွင် လီဗာပူးနောက်ခံလူဟောင်း ဂျင်မီကာရေဂါရေးသားသည့်ဆောင်းပါအား ၎င်း၏အာဘော်အတိုင်း ဆီလျော်အောင်ပြန်ဆိုသည်။

comments

error: Content is protected !!