တန်းဆင်းရလျှင်လည်း ဗီလာနည်းပြအဖြစ် ဆက်ရှိမည်ဖြစ်ကြောင်း ဂါဒီထုတ်ဖော်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တန်းဆင်းရလျှင်လည်း နည်းပြတာဝန်ဆက်ယူမည်ဟုဆိုသည့် ဂါဒီ

အက်စ်တွန်ဗီလာနည်းပြ ရီမီဂါဒီက ပရီးမီးယားလိဂ်မှ ဗီလာတန်းဆင်းသွားရလျှင်ပင် အသင်းတွင် မိမိဆက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အက်စ်တွန်ဗီလာသည် တင်ရှားဝုဒ်နှင့်လမ်းခွဲပြီးနောက်  ပြီးခဲ့သည့်နိုဝင်ဘာလက လိုင်ယွန်နည်းပြဟောင်းရီမီဂါဒီကို ၃ နှစ်ခွဲစာချုပ်ဖြင့် နည်းပြအဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် ၁၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့သည့် ဗီလာမှာ လက်ရှိအချိန်တွင် ရမှတ် ၈ မှတ်သာရရှိထားပြီး အမှတ်ပေးဇယားအောက်ဆုံးသို့ရောက်ရှိနေကာ တန်းဆင်းဇုန်အထက်မှ ဆွမ်ဆီးနှင့် ၁၁ မှတ်အထိ ကွာဟနေသည်။

အက်စ်တွန်ဗီလာမှာ ယခုရာသီတွင် ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းရမည့်အခြေဆိုက်နေပြီး အကယ်၍တန်းဆင်းခဲ့ရပါကလည်း အသင်းတွင်ဆက်ရှိမည်ဖြစ်ကြောင်း နည်းပြ ဂါဒီကပြောကြားခဲ့ခြင်းဖြစ်သည်။

ဗီလာသည် ယခုတစ်ရာသီလုံးတွင် ဘုန်းမောက်နှင့်ရာသီအဖွင့်ပွဲစဉ် ၁ ပွဲသာ အနိုင်ရထားပြီ ကျန် ၁၈ ပွဲတွင်လည်း၁၃ ပွဲအထိရှုံးနိမ့်ထားခဲ့သည်။

“တကယ်ဆိုရင် ဒီရာသီအစောပိုင်းပွဲစဉ်တွေမှာကတည်းက နိုင်ပွဲတွေရခဲ့လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့မိတယ်။  ဒါပေမယ့် အသင်းကိုကျွန်တော်စရောက်တဲ့အချိန်မှာ ဗီလာဟာ ၁၁ ပွဲကစားပြီး ၉ ပွဲအထိရှုံးထားတဲ့အသင်းဖြစ်နေခဲ့တယ်။ ဒီအခြေအနေကနေ အရာရာတိုင်းကို ချက်ချင်းကောင်းလာဖို့ မမျှော်လင့်ပါနဲ့” ဟုပြောဆိုခဲ့သည်။

“သူတို့သာ ရာသီအစကတည်းကရလဒ်ကောင်းခဲ့မယ်ဆိုရင် ကျွန်တော့်ကိုခေါ်မှာတောင်မဟုတ်ပါဘူး။ လက်ရှိအခြေအနေက အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်လိမ့်မယ်လို့ အပြည့်အ၀ယုံကြည်ထားပါတယ်” ဟု ဂါဒီကဆက်လက်ပြောကြားခဲ့သည်။

အက်စ်တွန်ဗီလာသည် ယနေ့ညတွင် ၎င်းတို့အထက် ၄ မှတ်အကွာတွင်ရပ်တည်နေသည့် ဆန်းဒါးလန်းနှင့် အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ရှုံးနိမ့်လျှင်လည်း ထိုပွဲရလဒ်မှာ ဗီလာ၏ တန်းဆင်းရခြင်း၊ မဆင်းရခြင်းအပေါ် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်းဆိုသည်။

“ဒီပွဲက အရမ်းအရေးကြီးတဲ့ပွဲစဉ်ပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့အတွက် တန်းမဆင်းရဖို့ နောက်ဆုံးအခွင့်အရေးမဟုတ်ပါဘူး” ဟု ဂါဒီက ကာကွယ်ပြောဆိုခဲ့သည်။

comments

error: Content is protected !!