ရာသီအဖွင့်ကို အနိုင်နှင့်သာ စတင်ချင်ဟု ရန်ကုန်နည်းပြ အီမာဆင်ဆို
|
ရန်ကုန်ယူနိုက်တက် အသင်းနည်းပြ အီမာဆင်သည် အသင်းသစ်တွင် အထိုင်ကျရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်နေသေးသော်လည်း ရာသီအဖွင့် ချာရတီဒိုင်းပြိုင်ပွဲကို အနိုင်ဖြင့်သာ စတင်လိုသည်ဟု ဖွင့်ဟခဲ့သည်။
အဆိုပါပွဲသည် နည်းပြအီမာဆင်က ရန်ကုန်ယူနိုက်တက်ကို တာဝန်ယူအပြီး ပထမဆုံး ပြည်တွင်းပွဲစဉ်ဖြစ်သည်။
ထို့ကြောင့် နည်းပြအီမာဆင်က ၂၀၁၆ မြန်မာ နေရှင်နယ်လိဂ်ဘောလုံးရာသီ ချာရတီဖလားပွဲတွင် အနိုင်ရလဒ်ရယူကာ ၂၀၁၆ ဘောလုံးရာသီကို အောင်မြင်မှုနှင့်သာ စတင်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အသင်းတိုင်း ရာသီကြိုပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်ကတော့ AFC ပြိုင်ပွဲကို ရည်မှန်းပြင်ဆင်ထားတဲ့အတွက် ဒီပွဲဟာ ပြိုင်ဆိုင်မှု ပိုပြင်းထန်ပါလိမ့်မယ်။။ ကျွန်တော်ကတော့ အသင်းကို ဒီနှစ်မှ စကိုင်တွယ်တာဖြစ်တဲ့အတွက် အကောင်းဆုံး အထိုင်ချနိုင်အောင် ကြိုးစား နေပါ တယ်။ ရာသီအဖွင့်ကိုတော့ အောင်မြင်မှုနဲ့ပဲ စတင်ချင်ပါတယ်”ဟု အီမာဆင်က ဆိုသည်။
နည်းပြအီမာဆင်သည် ရာသီကြိုပြင်ဆင်မှုကာလတွင် ရန်ကုန်ယူနိုက်တက်သို့ ရောက်ရှိခဲ့ပြီး တိုယိုတာမဲခေါင် ပြိုင်ပွဲ ၂ ပွဲတွင် ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ထွက်ပေါ်ထားသည်။
အဆိုပါပြိုင်ပွဲတွင် ကမ္ဘောဒီးယားကလပ်အသင်း ဘွန်ကတ်အန်ကာ့ကို ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် ပရိသတ်အချို့၏ ဝေဖန်မှုများ ခံခဲ့ရသည်။
“အတိတ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာတွေကို ကျွန်တော်တို့ မေ့ပစ်လိုက်ပြီး အနာဂတ်မှာ အောင်မြင်မှုရဖို့ကိုပဲ ဆက်သွားရပါမယ်။ အသင်းတိုင်းက ရာသီကြိုပြင်ဆင်မှုတွေလုပ်နေတာ တွေ့ရပါတယ်။ အဲဒီအထဲမှာမှ ရန်ကုန်နဲ့ ဧရာဝတီတို့ရဲ့ ပြင်ဆင်မှုတွေက AFC အဆင့်ထိ ရည်မှန်းပြင်ဆင်နေတာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ပါတယ်”ဟု အီမာဆင်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် နည်းပြချုပ် အီမာဆင်မှာ ၎င်းစိတ်ကြိုက်ကစားသမားရွေးချယ်မှုများ ပြုလုပ်လျက်ရှိသလို အသင်းကိုလည်း ၎င်းစိတ်ကြိုက်ကစားကွက်အတွင်း အံဝင်နိုင်အောင် ကြိုးစားလေ့ကျင့်ပေးလျက်ရှိနေပြီး မကြာမီ အသင်းနှင့် အံဝင်လာတော့မည့်အကြောင်းအား “အသင်းမှာရှိတဲ့ ၀ါရင့်ကစားသမားတွေရော လူငယ်ကစားသမားတွေပါ အရည်အချင်းပြည့် ကစားသမားတွေပါ။ ကျွန်တော့်ကစားကွက်နဲ့အံဝင်ဖို့ အချိန်လိုအပ်တယ်ဆိုပေမယ့် သိပ်အများကြီးတော့ လိုမယ်မထင်ပါဘူး။ မနက်ဖြန်ပွဲမှာ အကောင်းဆုံး စတင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ၎င်းက ပြောခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် လက်ရှိချာရတီဖလားချန်ပီယံဖြစ်ပြီး ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်တို့သည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ၂ ပွဲ တွေ့ဆုံယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်က ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ ရလဒ်ထွက်ပေါ်ထားသည်။
၂၀၁၆ ချာရတီဖလားပွဲစဉ်ကို ဇန်န၀ါရီလ ၃ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်နှင့် ဧရာဝတီတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ၀င်ကြေးအဖြစ် ရိုးရိုးတန်း ၅၀၀၊ အထူးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားသည်။
Next : ခြေစမ်းပွဲ ပွဲရပ်နားရခြင်းမှာ ဒိုင်များ၏ မသိကျိုးကျွံပြုခြင်းကြောင့်ဟု ဇွဲကပင် အသင်းပိုင်ရှင် ၏ ဖေ့ဘုတ်တွင် ရေးသား